MT News

ယခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဝင်မည့် အာဂျင်တီးနားအသင်းသည် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့်အသင်းကဲ့သို့ အကောင်းဆုံးခြေစွမ်းရရှိနေပြီဟု လီယွန်နယ်မက်ဆီက သုံးသပ်ပြောဆိုသည်။

လက်ရှိအချိန်တွင် အာဂျင်တီးနားအသင်းမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲအပါအဝင် ပွဲပေါင်း ၃၅ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးဘဲ အကောင်းဆုံးရလဒ်များရရှိနေသည့်အတွက် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း အောင်မြင်မှုများထပ်မံရရှိနိုင်သည်ဟု ၎င်းက သုံးသပ်သည်။

ကာတာနိုင်ငံသားပိုင်ဆိုင်သည့် PSG အသင်းတွင်ကစားနေသည့် လီယွန်နယ်မက်ဆီသည် ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူ၏ နောက်ဆုံးနိုင်ငံတကာပြိုင်ပွဲဖြစ်လာဖွယ်ရှိနေသည်။

၁၉၈၆ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် အောင်မြင်မရရှိခဲ့သည့် အာဂျင်တီးနားအသင်းသည် ယခုနှစ်ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဆုဖလားရရှိနိုင်မည်ဟု ရေပန်းစားနေပြီး နောက်ဆုံးဗိုလ်လုပွဲသို့ ကျိန်းသေတက်ရောက်နိုင်ရန်အတွက် မက်ဆီက သူ၏အသင်းဖော်များကို လှုံ့ဆော်ထားသည်။

“၂၀၁၄ ကမ္ဘာ့ဖလားမှာ ကျွန်တော်တို့အသင်းက အရမ်းကောင်းခဲ့ပါတယ်။ အဲဒါဟာ ဘယ်လိုမှ မမေ့နိုင်စရာအခြေအနေတစ်ခုပါ။ အဲဒီအချိန်ကအတိုင်း ကစားအားခိုင်မာပြီး စည်းလုံးညီညွတ်တဲ့အသင်းဖြစ်နေပါပြီ” ဟု မက်ဆီက ပြောသည်။

အာဂျင်တီးနားအသင်းသည် နိုဝင်ဘာ ၂၂ ရက်တွင် ဆော်ဒီအာရေဗျအသင်းနှင့် ပွဲဦးထွက်ကစားရမည်ဖြစ်ပြီး အဆိုပါအုပ်စု(C)တွင် မက္ကဆီကို နှင့် ပိုလန် ကဲ့သို့သော ကစားအားကောင်းမွန်သည့် အသင်းများပါဝင်နေသည်။

Leave a Reply

Your email address will not be published. Required fields are marked *