၁၆.၁၀.၂၀၂၃
Translated by Htwe Ko Tun

(AFP သတင်းဌာနက ရေးသားထားသော “Licence to hide; Western Plastic waste dumped in Myanmar” မှ ကောက်နုတ်ပြန်ဆိုထားခြင်းဖြစ်ပါတယ်)

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်အတွင်းမှာဆိုရင် အမှိုက်သရိုက်တွေ ပေါများထူထပ်လွန်းလှတာကြောင့် လေကောင်းလေသန့်ကို မရနိုင်တဲ့ကွင်းပြင်တွေ၊ မိုးရေမစီးနိုင်ဘဲ ပိတ်ဆို့နေတဲ့ ရေနုတ်မြောင်းတွေနဲ့ မီးဘေးအန္တရာယ်ရှိမှုတွေကို တွေ့ကြရမှာပါ။ အဲဒီမှာ အမှိုက်သရိုက်တွေပေါများမှုရဲ့ အဓိက အကြောင်းကတော့ ပလပ်စတစ်ထုတ်လုပ်ရေးလုပ်ငန်းကြောင့်လည်းဖြစ်ပြီး ၂၁ ရာစု အစပိုင်းကစလို့ အမှိုက်တန်ချိန် နှစ်စဉ် တန် ၄၆၀ ရှိတဲ့အထိ နှစ်ဆတိုးလာခဲ့တာပါ။

ရွှေပြည်သာမြို့နယ်မှာနေထိုင်သူတစ်ဦးက “အရင်ကတော့ မိုးတွင်းဆိုရင် ရေမုန်ညင်းပင်လေးတွေ စားရအောင် ဒီကွင်းထဲမှာ ကျွန်တော်ခူးလို့ရတယ်။ ဒါပေမယ့် အခုတော့ ပလပ်စတစ်အမှိုက်တွေကြောင့် ကျွန်တော်တို့ ဘယ်ရေမုန်ညင်းပင်မှလည်း စားရအောင် ခူးလို့မရတော့ဘူး။ အဲဒါအစား ကျွန်တော်တို့အနံ့ဆိုးတွေပဲရတော့တယ်” လို့ AFP သတင်းဌာနကို ပြောခဲ့ပါတယ်။

လွန်ခဲ့တဲ့ ရက်သတ္တပတ်အတွင်း Lighthouse Reports သတင်းမီဒီယာနဲ့အတူ မီဒီယာ ခြောက်ခုတို့ဟာ ရွှေပြည်သာမြို့နယ်အတွင်းမှာ ပလပ်စတစ်အမှိုက်သရိုက်တွေ အလွန်အကျွံများပြားလာမှုကို စုံစမ်းသတင်းရယူကြတဲ့အခါမှာ အမှိုက်သရိုက်တွေရဲ့ အရင်းအမြစ်ကတော့ အနောက်နိုင်ငံ တွေက ဖြစ်တာ တွေ့ခဲ့ရပါတယ်။ မြန်မာနိုင်ငံအတွင်း အမှိုက်သရိုက်တွေမှာတော့ ပိုလမ်ကုမ္ပဏီ Spomlek၊ ဂျာမနီပိုင် ယူကေစူပါမားကတ် Lidl ကနေ ကနေဒါရဲ့ Unico ကုမ္ပဏီက အမှိုက်တွေအထိပါဝင်နေပါတယ်။

ပြောရရင် အမှိုက်သရိုက်တွေက မြန်မာနိုင်ငံမှာ ဇာတ်လမ်းစလာတာ မဟုတ်ပါဘူး။ ၂၀၁၈ ခုနှစ်မှာ တရုတ်နိုင်ငံက ပြည်ပ ပလတ်စတစ် တင်သွင်းမှုကို တားမြစ်ပိတ်ပင်ခဲ့ပါတယ်။

မြန်မာပြည်တွင်းမှာရှိတဲ့ စွန့်ပစ်အမှိုက်သရိုက်က လူ့အသုံးပြုပစ္စည်းတွေ ပြန်လည်ထုတ်လုပ်တဲ့ စက်ရုံတချို့ဆိုရင် အမှိုက်သရိုက်တွေကများလွန်းလို့ သူတို့စက်ရုံလုပ်ငန်းအတွက် အသုံးမပြုနိုင်ဘဲ မကြာခဏဆိုသလို စုပုံမီးရှို့ရတယ်ဆိုတာ ဝန်ခံခဲ့ကြပါတယ်။

ဒီအမှိုက်တွေ မြန်မာနိုင်ငံထဲ ဘယ်လိုရောက်လာကြသလဲ၊ ဘယ်လောက်ထိအောင်ရှိနေလဲ ဆိုတာကတော့ မရှင်းလင်းလှပါဘူး။ စုံစမ်းစစ်ဆေးမှုတစ်ခုအရတော့ ဥပဒေနဲ့မညီ ပလတ်စတစ်တွေတင်ပို့နေတဲ့ ထိုင်းနိုင်ငံက အဓိကလမ်းကြောင်းတစ်ခုပါ။ ကုလသမဂ္ဂ Comtrade ရဲ့စာရင်းဇယားတွေအရလည်း မြန်မာနိုင်ငံရဲ့ ပလတ်စတစ်အမှိုက်သရိုက်တင်သွင်းမှု အများစုက ထိုင်းနိုင်ငံကလို့ဆိုပါတယ်။

စာရင်းဇယားတွေနောက်ဆုံးရခဲ့တဲ့နှစ်ဖြစ်တဲ့ ၂၀၂၁ ခုနှစ်မှာဆိုရင် ပလတ်စတစ်အမှိုက်သရိုက် တန်ချိန် ၇,၅၀၀ နီးပါးမြန်မာနိုင်ငံထဲကို ဝင်ရောက်ခဲ့ပါတယ်။ ကီလိုမီတာ ၂,၄၀၀ (မိုင် ၁,၄၉၀) ခန့်ရှိတဲ့ နှစ်နိုင်ငံနယ်စပ်ထိတွေ့မှုက လူကုန်ကူးသူတွေနဲ့ အမျိုးမျိုးသော မှောင်ခိုကုန်ပစ္စည်းတင်သွင်းသူတွေအဖို့ စိမ့်ဝင်ရတာလွယ်သူလွန်းလှပါတယ်။ နှစ်ဖက်အရာရှိတွေကလည်း ရောက်လာတဲ့ အမှိုက်သရိုက်တွေကို အနည်း ငယ်သာ စစ်ဆေးကြတယ်လို့ Lighthouse Reports ကပြောခဲ့ပါတယ်။

AFP သတင်းဌာနက မြန်မာနိုင်ငံအတွင်း စွန့်ပစ်အမှိုက်သရိုက်တွေကနေ ပစ္စည်းတွေပြန်ထုတ်နေတဲ့ ကုမ္ပဏီတချို့နဲ့တွေ့ပြီး အမှိုက်သရိုက်တွေ မြန်မာနိုင်ငံအတွင်း ဘယ်လိုရောက်လာရသလဲ စုံစမ်း‌မေးမြန်းခဲ့ပါတယ်။ဒါပေမယ့် ဘယ်ကုမ္ပဏီကမှ လတ်တလော ပြန်လည်ဖြေကြားမှု မပြုခဲ့ကြသေးပါဘူး။ ရွှေပြည်သာနေပြည်သူတွေကတော့ ဒီအမှိုက်တွေက စွန့်ပစ်အမှိုက်သရိုက်တွေကနေ ပစ္စည်းတွေပြန်ထုတ်နေတဲ့ စက်ရုံတွေကြောင့်လို့ ပြောခဲ့ကြပါတယ်။ ဒီအမှိုက်တွေက တစ်ချိန်က မြို့နယ်ရဲ့ ဘောလုံးအားကစားကွင်းကို ပလတ်စတစ် အမှိုက်ပုံကြီးဖြစ်စေခဲ့ပါပြီ။

ရွှေပြည်သာနေအမည်မဖော်ပြလိုတဲ့ အမျိုးသမီးတစ်ဦးက “ဒီလိုအခြေအနေက ရေရှည်မှာ ဘယ်ကောင်းနိုင်ပါ့မလဲရှင်” လို့ပြောခဲ့ပါတယ်။

နောက်တစ်ဦးကလည်း “ကျွန်မအနေနဲ့တော့ လုံးဝကိုဒီလိုဖြစ်နေတာ မနှစ်သက်ဘူး” လို့ပြောခဲ့ပြန်ပါတယ်။

ဒါပေမယ့် သူတို့နှစ်ဦးစလုံးက “’ဒါပေမယ့်လည်းကျွန်မတို့ ဘာမှမတတ်နိုင်ပါဘူးရှင်” လို့သာ ပြောခဲ့ကြပါတယ်။

Ref–AFP

Leave a Reply

Your email address will not be published. Required fields are marked *