၁၆. ၁၀. ၂၀၂၃
Written by Phyo Wei

ဗြိတိန်နိုင်ငံ Brighton and Hove မြို့ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ ဂုဏ်ထူးဆောင်ဆု“Freedom of the City ကို ပြန်လည်ရုပ်သိမ်းဖို့စီစဉ်နေပြီး လာမဲ့ အောက်တိုဘာ ၁၉ ရက်မှာ မဲခွဲဆုံးဖြတ်မယ်ဆိုတဲ့ ဒီတစ်ပတ်မှာပဲ နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကျုးလွန်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း) မိုးမြင့်ထွန်းနဲ့ ဗိုလ်မှူးချုပ် (ဟောင်း) ရန်နောင်စိုးတို့ကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ပြီး ပြတ်ပြတ်သားသားအရေးယူလိုက်တဲ့ဖြစ်စဉ် ထွက်ပေါ်ခဲ့ပါတယ်။ ဒါ့အပြင် ကိုးကန့်က သူဌေးကြီး ၁၁ ဦးကို ဖမ်းဆီးထားတဲ့ တရုတ်နိုင်ငံက UWSA ထိပ်တန်းအရာရှိနှစ်ဦးကို အွန်လိုင်းလိမ်လည်မှုနဲ့ ဆုငွေထုတ်တာ၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါတို့ မြန်မာနိုင်ငံကို လာရောက်ပြီး SAC နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမယ်လို့ ပြောခဲ့တာလည်း ထွက်ပေါ်ခဲ့ပါတယ်။

တစ်ဖက်မှာလည်း PDF အမျိုးသမီးတွေနဲ့ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေကို NUG က ဖုံးကွယ်သိုဝှက်ထားတယ်လို့ တော်လှန်ရေးအဖွဲ့အစည်း ၂၀ ကျော်က ပူးတွဲထုတ်ပြန်လိုက်ပြီး လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူဟာ တော်လှန်ရေးအဖွဲ့အစည်းထဲကလူ၊ ကြားကာလ အုပ်ချုပ်ရေးယန္တရားတွေက အဖွဲ့ဝင်နဲ့ PDF တွေဖြစ်နေဦးတော့ ခြွင်းချက်မရှိ ထိရောက်စွာ အရေးယူနိုင်ဖို့ အားလုံးမှာ တာဝန်ရှိတယ်လို့လည်း တရားဝင်ထုတ်ပြန်ခဲ့တဲ့ ရက်သတ္တပတ်မှာပဲ NUG နဲ့ PDF တွေ သတ်ဖြတ်ထားသူက ၆၆၀၀ ကျော်လာပြီလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ဖြစ်စဉ် ရှိခဲ့ပေမဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ မုန်လိုင်ခက်ပေါက်ကွဲမှုတွေအကြောင်း၊ ရှစ်နှစ်ပြည့် NCA အကြောင်းနဲ့ PDF တွေရဲ့ လူသတ်၊ မုဒိမ်းကျင့်၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လျစ်လျှူရှုထားလို့ ကုလသမဂ္ဂမှာ ဝေဖန်ခံရတဲ့ NUG အကြောင်းတွေကို သုံးသပ်ပြချင်ပါတယ်။

မုန်လိုင်ခက်ပေါက်ကွဲမှု ဝိရောဓိ

မြန်မာနဲ့ ကမ္ဘာမှာ မြန်မာနိုင်ငံ့အရေး ကြီးကြီးကျယ်ကျယ်ဆွေးနွေးဖို့တွေရှိတိုင်း အစုလိုက်အပြုံလိုက်သေဆုံးမှုတွေဖြစ်တတ်တဲ့ ထုံးစံအတိုင်း ဥရောပသမဂ္ဂနဲ့ အာဆီယံလူ့အခွင့်အရေးကော်မရှင်တွေက သူတို့ရဲ့ ဆွေးနွေးပွဲတွေကို SAC ကို ဖိတ်ကြားမယ်လို့ ဆုံးဖြတ်ချိန်၊ မြန်မာနိုင်ငံမှာ NCA ရေးထိုးထားမှု ရှစ်နှစ်ပြည့်နှစ်ပတ်လည်ကို နိုင်ငံတော်အဆင့်လုပ်မယ်ဆိုတဲ့အချိန်မှာပဲ KIA ထိန်းချုပ်နယ်မြေ လိုင်ဇာအဝင်က မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းမှာ ပေါက်ကွဲမှုဖြစ်ပြီး ကလေးသူငယ်တွေအပါအဝင် လူ ၂၉ ယောက် သေဆုံးခဲ့ပါတယ်။

တစ်ဖက်မှာလည်း ဒီလိုဖြစ်တာနဲ့ လက်ညှိုးထိုးနေကြအတိုင်း SAC က လေယာဉ်နဲ့ လာပစ်တာလို့ မီဒီယာတွေပြောကြပေမဲ့ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကတော့ ဒရုန်းနဲ့ ပစ်တာဖြစ်နိုင်တယ်လို့ ဆိုပြန်ပါတယ်။ တစ်ဖက်မှာလည်း ဒရုန်းကို PDF တွေကပဲ သုံးနိုင်တာလို့ ဝေဖန်ချိန်ကျတော့ အမြောက်နဲ့ထုတာဖြစ်မယ်လို့ လှည့်ပတ်ပြောလာတာကို တွေ့ရပါတယ်။ တစ်ဖက်မှာလည်း ကချင်တိုင်းရင်းသားတစ်ဦးက ဒီဖြစ်ရပ်ဟာ မုန်လိုင်ခက်စစ်ဘေးရှောင်စခန်းအနီးမှာ KIA က ယမ်းတွေသိုလှောင်ထားလို့ ပေါက်ကွဲတာဖြစ်တယ်လို့ ရေးခဲ့သလို SAC ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း မုန်လိုင်ခက်ကို သူတို့မတိုက်ခဲ့ကြောင်း ၊ ဒီပေါက်ပွဲမှုက KIA သင်တန်းကျောင်းက အမိုနီယမ်နိုက်ထရိတ် (ယမ်း) သိုလှောင်ရုံပေါက်ကွဲခဲ့တာဖြစ်ကြောင်း၊ အမိုနီယမ်နိုက်ထရိတ်(ယမ်း)တွေကို KIA အဖွဲ့က ခေါင်းဆောင်တွေနဲ့ ဒေါ်အားလီ (အားလီကျဲ)တို့ ပိုင်ဆိုင်ကြောင်း၊ အဲဒီ့ဂိုဒေါင်အတွင်း အမိုနီယမ်နိုက်ထရိတ်(ယမ်း) ၁၀၅ တန်ခန့်နဲ့ အခြားပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ သိုလှောင်ထားရာက ပေါက်ကွဲတာဖြစ်ကြောင်း၊ ဒီကိစ္စကို တရုတ်ကလည်း စစ်ဆေးနေကြောင်း တုံ့ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ပြဿနာက နှစ်ဖက်လက်နက်ကိုင်တွေကြားမှာ လက်နက်မဲ့ပြည်သူကြားညပ်နေတာပါ။ လက်နက်မဲ့ ဆရာ၊ ဆရာမတွေ၊ ဝန်ထမ်းတွေ၊ သာမန်ပြည်သူတွေကို ဒလန်သူလျှိုဆိုပြီး သတ်နေသလို ကျောင်းတွေ၊ ဆေးရုံတွေ၊ ဒုက္ခသည်စခန်းတွေမှာ လက်နက်ကိုင်တွေက ဒွေးရောယှက်တင်နေနေပြီး ပြည်သူကို အကာအကွယ်ယူနေတာပါ။ မုန်လိုင်ခက်ဖြစ်စဉ်မှာဆိုလည်း တစ်ဖက်မှာ ဒုက္ခသည်စခန်းကို တိုက်တာ၊ စစ်ဘေးဒုက္ခသည် ပြည်သူတွေသေတာလို့ ဘယ်လိုပဲပြောပြော အသုဘအခမ်းအနားမှာ KIA စစ်သားတစ်ယောက်က အလောင်းတွေကို အမိန့်ပြန်နေတဲ့ပုံကလည်း တွေ့ခဲ့ရပြီး လိုင်ဇာအဝင်က မုန်လိုင်ခက်ဟာ စစ်ဘေးဒုက္ခသည်စခန်းလား၊ PDF သင်တန်းပေးရာစခန်းလား ဝေခွဲမရဖြစ်စေခဲ့ပါတယ်။

ရှစ်နှစ်ပြည့် NCA

SAC အစိုးရက NCA ကို နိုင်ငံတော်အဆင့် ခမ်းနားစွာကျင်းပပြီး ကမ္ဘာ့နိုင်ငံတွေ၊ NCA ရေးထိုးချိန်က အသိသက်သေတွေ ဖိတ်ကြားနေချိန်မှာ နိုင်ငံရေးတင်းမာမှုအရ အာဏာပဋိပက္ခဖြစ်နေတာကို အကြောင်းပြုပြီး NCA ပျက်ပြီလို့ ဇွတ်မှိတ်ငြင်းကြတဲ့ EAOs ကလည်း သုံးဖွဲ့လောက်ရှိနေသေးတာပါ။

ဒါ့အပြင် ထူးထူးခြားခြားအဖြစ်လည်း အောက်တိုဘာ ၁၅ ရက်က ပြုလုပ်တဲ့ NCA ပွဲမှာ အရင်တုန်းက ငြိမ်းချမ်းရေးဝန်ကြီး ဦးအောင်မင်းက NLD အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေး ဘာကြောင့် တုံ့ဆိုင်းသွားလဲဆိုတာ ဖွင့်ဟလာခဲ့သလို NCA ကို အလောသုံးဆယ်လက်မှတ်မထိုးဖို့ တားမြစ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေးအပေါ် တားမြစ်ချက်က ဒါကြောင့်လား တွေးဆစရာဖြစ်ခဲ့ပါတယ်။

“ကျွန်တော်တို့ စဉ်းစားခဲ့တဲ့ချဉ်းကပ်မှုနဲ့ မတူခဲ့ပါဘူး။ ကျွန်တော်တို့က ငြိမ်းချမ်းရေးကို အခြေခံပြီး ဒီမိုကရေစီအကူးအပြောင်း လုပ်မယ်ဆိုတဲ့ လမ်းကြောင်းကနေ ရွေးကောက်ပွဲရလဒ်ကို အခြေခံပြီး နိုင်ငံရေးအကူးအ ပြောင်းကိုလုပ်မယ့် လမ်းကြောင်းကို ပြောင်းသွားခဲ့ပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်များဟာ ဦးစားပေးအဆင့် (၁) နေရာက အဆင့်လျှော့ချခြင်း ခံခဲ့ရပါတယ်” လို့ ဦးအောင်မင်းက ဖွင့်ဟခဲ့တာပါ။

တစ်ဖက်မှာလည်း NCA နှစ်ပတ်လည်အခမ်းအနားမှာ လက်မှတ်ရေးထိုးထားသူ ၉ ဖွဲ့တက်တာဖြစ်ပေမဲ့ ၇ ဖွဲ့ကပဲ တရားဝင်လာရောက်ပြီး တချို့ကတော့ NCA ပျက်တယ်ဆိုတဲ့လမ်းကြောင်းပေါ်မှာ ခေါင်းကြောမာနေဆဲပါ။ သေချာတာကတော့ ကမ္ဘာ့နိုင်ငံတွေ၊ NCA သက်သေနိုင်ငံတွေကတောင် စာချုပ် ပျက်ပြယ်မှုမရှိသေးလို့ တက်ရောက်ချီးမြှင့်တာကို NCA ပျက်သွားပါပြီလို့ တဇွတ်ထိုးပြောနေမှုတွေက ငြိမ်းချမ်းရေးမလိုချင်ဘဲ လက်နက်ဆွဲကိုင်ထားတဲ့ အသီးအပွင့်တွေကို မက်မောနေကြတာလို့ ပြောရမှာဖြစ်သလို လက်နက်အားကိုးနဲ့ NCA ကို သွေဖည်နေသရွေ့တော့ ငြိမ်းချမ်းရေးလည်း အလှမ်းဝေးနေဦးမှာပါပဲ။

PDF တွေရဲ့ လူသတ်၊ မုဒိမ်းကျင့်၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လျစ်လျှူရှုထားလို့ ကုလသမဂ္ဂမှာ ဝေဖန်ခံရတဲ့ NUG

တပ်က ကျူးလွန်တဲ့ ပြစ်မှုတွေပဲ အမြဲပြောတတ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် သောမတ်စ်အန်ဒရူးဟာ ၇၈ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို တင်သွင်းတဲ့ အစီရင်ခံစာမှာ PDF တွေနဲ့ EAO တွေရဲ့ လူသတ်မုဒိမ်းမှုတွေ၊ သက်ငယ်မုဒိမ်းမှုတွေကို ပထမဆုံးတင်ပြလာပြီး NUG က မထိန်းနိုင်ဖြစ်နေတာကို တင်ပြလာပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လူအခွင့်ရေးအထူးကိုယ်စားလှယ်သောမတ်အန်ဒရူးက ၇၈ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီမှာတင်သွင်းခဲ့တဲ့ “Report of the Special Rapporteur on the situation of human rights in Myanmar” အစီရင်ခံစာမှာဆိုရင် မြန်မာနိုင်ငံမှာ အာဏာအငြင်းပွားမှုဖြစ်ပြီးနောက်ပိုင်းတည်းက ပြည်သူ့စစ် (ပျူစောထီး)နဲ့ ဆက်နွှယ်နေတဲ့ ကျေးရွာသားတွေ၊ တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်ရွက်သူ သတင်းပေးအဖြစ် သံသယရှိခံရသူတွေ၊ SAC ရဲ့အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတွေအပါအဝင် အရပ်သား ရာချီဟာ တပ်မတော်ကို လက်နက်ကိုင်တိုက်ခိုက်နေတဲ့ PDF အဖွဲ့နဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေရဲ့ သတ်ဖြတ်မှုခံခဲ့ရတယ်လို့ အန်ဒရူးက တင်ပြခဲ့သလို အဲဒီလိုမျိုးသတ်ဖြတ်ခံရသူတွေထဲမှာ ရဟန်းသံဃာတွေ၊ အမျိုးသမီးတွေ။ ကလေးငယ်တွေလည်း ပါဝင်ခဲ့ပြီး အဲဒီအသတ်ခံရသူတွေထဲမှာအချို့က လက်နှစ်ဖက်ကို နောက်ပြန်ကြိုးတုပ်ပြီး ဦးခေါင်းကိုပစ်သတ်ခံရတာ၊ ခေါင်းဖြတ်အသတ်ခံရတာတွေလည်းရှိခဲ့တယ်လို့ သောမတ်အန်ဒရူးရဲ့အစီရင်ခံစာထဲမှာဖော်ပြထားပါတယ်။ ဒီလိုမျိုး သတ်ဖြတ်တာတွေကို NUG က စနစ်တကျ ထိန်းကျောင်းနေတယ်ဆိုပေမဲ့လည်း မြန်မာနိုင်ငံက PDF အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့စည်းတွေဟာ NUG ရဲ့စည်းကမ်းတွေကို လိုက်နာဆောင်ရွက်ခြင်းမရှိကြသလို NUG အဖွဲ့ကိုယ်တိုင်ကလည်း သူတို့ကွပ်ကဲမှုအောက် တရားဝင်ရောက်ရှိနေတဲ့အဖွဲ့တွေအပေါ် သြဇာလွမ်းမိုးမှု ဒါမှမဟုတ် ထိန်းသိမ်းနိုင်စွမ်းမရှိဘူးလို့ အထူးကိုယ်စားလှယ် အန်ဒရူးရဲ့အစီအရင်ခံစာထဲမှာ ဆိုထားပါတယ်။

ဒါ့အပြင် NUG အဖွဲ့ကိုယ်တိုင်ကလည်း အရပ်သားတွေအပေါ် PDF လက်နက်ကိုင်အဖွဲ့တွေက လူအခွင့်ရေးချိုးဖောက်မှုတွေနဲ့ အရေးကြီးတဲ့ တိုင်ကြားအစီရင်ခံမှုတွေကို တုံ့ပြန်ဖြေရှင်းဖို့ ပျက်ကွက်နေသလို PDF အဖွဲ့တွေရဲ့အကျင့်ပျက်လာဘ်စားမှုတွေ၊ အတူတကွဖြေရှင်းပေးဖို့ တိုက်တွန်းတောင်းချက်တွေတွေကို မသိကျိုးကျွံပြုခဲ့တယ်လို့ လူအခွင့်ရေးအထူးကိုယ်စားလှယ်ရဲ့အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် အန်ဒရူးရဲ့ အစီရင်ခံစာထဲမှာပဲ သူ့ကို အမျိုးသမီးအဖွဲ့တွေက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF တွေက ကလေးသူငယ်မုဒိမ်းမှုတွေ၊ မုဒိမ်းမှုတွေ၊ အုပ်စုဖွဲ့ မုဒိမ်းမှုတွေ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုတွေ လုပ်နေတယ်လို့ ဖော်ပြခဲ့ပါသေးတယ်။ ဒီအပေါ်မှာ NUG က ထိန်းချုပ်ဖို့လုပ်နေပေမဲ့ ဒီမုဒိမ်းမှုကျုးလွန်သူတရားခံတွေကို အရေးယူနိုင်ဖို့လုပ်တယ်ဆိုပေမဲ့လည်း တရားခံတွေကတော့ လွတ်မြောက်နေဆဲဖြစ်တယ်လို့ အန်ဒရူးက ဖော်ပြခဲ့ပါသေးတယ်။

NUG ကိုယ်တိုင်ဖမ်းဆီးပြီးမှ အရေးမယူခဲ့ဘဲ လွှတ်ပေးခဲ့တဲ့ ရန်ကုန်တက္ကသိုလ်က CDM တွဲဘက်ပါမောက္ခတစ်ယောက်ရဲ့ ငါးနှစ်သမီးကို မုဒိမ်းကျင့်တဲ့ တွံတေး NLD ပါတီအတွင်းရေးမှူးအောင်မင်းဖြစ်စဥ်၊ ကလေးတွေနဲ့ အမျိုးသမီး ၇ ဦးကို သတ်ဖြတ် မုဒိမ်းကျင့်တဲ့ ချောင်းဦးပကဖ လေးဦးက ခေါင်းဆောင်ကို ထွက်ပြေးတယ်ဆိုပြီးလွှတ်ပေးလိုက်မှု၊ ဆော PDF ၈ ယောက်က အသက် ၂၂ နှစ်အရွယ် အမျိုးသမီးငယ်ကို အကြိမ်ကြိမ်အုပ်စုဖွဲ မုဒိမ်းကျင့်တာကို ထိထိရောက်ရောက် အရေးမယူတာ၊ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ကန်ရွာနယ်နိမိတ်အတွင်း အခြေစိုက်ဖွဲ့စည်းထားတဲ့ ဦးရခိုင် (ဧကရာဇ်မုန်တိုင်း)ဦးဆောင်တဲ့ PDF လက်နက်ကိုင်အဖွဲ့ရဲ့ ကာမနှောင့်ယှက်လူသတ်မှု ၂၀ ကျော်ကို ထိထိရောက်ရောက်အရေးမယူတာ၊ ပြည်ထဲရေးဝန်ကြီးတာဝန်ယူထားသူ ဦးလွင်ကိုလတ်ရဲ့ မင်းသမီးတစ်ဦးနဲ့ PDF အမျိုးသမီးနှစ်ဦးကို မယားငယ်အဖြစ်ထားတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ ထိထိရောက်ရောက်ဖြေရှင်းမှုမရှိတာ၊ ကဗျာဆရာချောသွင်က PDF ထောက်ပို့အမျိုးသမီးတစ်ယောက်ကို ရိုက်နှက်မုဒိမ်းကျင့်တာ၊ နွေဦးတော်လှန်ရေးဆရာတော်က အသက်မပြည့်သေးတဲ့ PDF ထောက်ပို့အမျိုးသမီးငယ်နှစ်ယောက်နဲ့ အခြားအမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားတာအပြင် တခြားသော PDF တွေရဲ့ လိင်ပိုင်းဆိုင်ရာကျုးလွန်စော်ကားမှုတွေကို ထိထိရောက်ရောက်အရေးမယူတာတွေဟာလည်း PDF တွေရဲ့ မုဒိမ်းမှုတွေအဖြစ် နာမည်ကျော်လူသိများဖြစ်စဥ်တွေပါ။

တကယ်ဆို ဒီလိုမတရားမှုတွေကြောင့် လက်နက်ကိုင်တော်လှန်တယ်ဆိုတဲ့သူတွေဟာ ကိုယ်တိုင်မတရားမှုလို့ မြင်ခဲ့တာတွေကို အခြားလက်နက်ကိုင်တွေထက် အထူးသတိပြုရှောင်ကျဥ်နိုင်ဖို့လိုအပ်မှာဖြစ်ပေမဲ့ တကယ့်လက်တွေ့မှာတော့ NUG နဲ့ PDF တွေကိုယ်တိုင်က ငွေကြေးအရှုပ်တော်ပုံတွေ၊ လိင်ပိုင်းဆိုင်ရာကျုးလွန်မှုတွေနဲ့ လူသတ်၊ လုယက်၊ မုဒိမ်းကျင့်၊ ဆက်ကြေးကောက်၊ ဓားပြတိုက်မှုတွေ ပြုလုပ်လာတာဖြစ်ပြီး ဒါတွေကိုပဲ မြန်မာနိုင်ငံဆိုင်ရာလူအခွင့်အရေးအထူးကိုယ်စားလှယ်သောမတ်အန်ဒရူးက ၇၈ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်ရေးကောင်စီမှာတင်သွင်းခဲ့တာဖြစ်သလို ဒီလိုမျိုး မတရားမှုတွေကို အလွယ်တကူကျုးလွန်လာသူတွေကို ဆက်ပြီး လက်ခံနေသရွေ့တော့ မြန်မာနိုင်ငံဟာ ဒီအခြေအနေဆိုး ဝဲဩဃက ထွက်မြောက်ရာလမ်း ဝေးနေဦးမှာပါ တင်ပြရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *