၁၀. ၁၀. ၂၀၂၃
Written by Pan Ei
အိန္ဒိယနိုင်ငံ ဟိမဝန္တာတောင်တန်းဒေသတွေမှာ လျှက်တပြက်ရေကြီးရေလျှံမှုတွေနဲ့ မြေပြိုမှုတွေကြောင့် သေဆုံးသူဦးရေဟာ ၇၄ ဦးအထိ မြင့်တက်လာခဲ့တဲ့အပြင် ရေဘေးအန္တရာယ်ဖြစ်ပွားပြီး ရက်အနည်းငယ်အတွင်း လူ ၁၀၁ ဦး ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ပြည်နယ်တာဝန်ရှိသူတွေက အောက်တိုဘာ ၉ ရက်မှာ ပြောကြားခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ၊ ဆစ်ကင်ပြည်နယ်အရှေ့မြောက်ပိုင်းမှာ ရက်အတန်ကြာ မိုးသည်းထန်စွာရွာသွန်းပြီးနောက် ဆည်တစ်ခုလည်း ပျက်စီးခဲ့ကာ ပြည်နယ်ရဲ့ မြို့တော် ဂန်တော့မြို့ရဲ့ တောင်ဘက် ကီလိုမီတာ ၅၀ ခန့်အကွာမှာရှိတဲ့ ရမ်ပိုမြို့နဲ့ ရွာတချို့မှာ ပျက်စီးမှုတွေ ဖြစ်ပွားခဲ့ပြီး ကယ်ဆယ်ရေးသမားတွေက ပြည်နယ်အတွင်း ရုပ်အလောင်း ၂၅ လောင်းကို ရှာဖွေတွေ့ရှိခဲ့သလို တပ်မတော်သား ၈ ဦးရဲ့ ရုပ်အလောင်းတွေကိုလည်း အိမ်နီးချင်းပြည်နယ်ဖြစ်တဲ့ အနောက်ဘန်ဂေါမှာ တွေ့ရှိခဲ့တယ်လို့ ဆစ်ကင်ပြည်နယ်ရဲ့ အတွင်းရေးမှူးချုပ် Vijay Bhushan Pathak က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဟိမဝန္တာတောင်တန်းဒေသတွေမှာ ပြင်းထန်တဲ့ ရာသီဥတုကြောင့် ဖြစ်ပွားခဲ့တဲ့ သဘာဝဘေးအန္တရာယ်တွေအတွင်း လူ ၁၀၁ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း Vijay Bhushan Pathak က ဆက်လက်ပြောကြားခဲ့ပြီး ပျောက်ဆုံးနေသူတွေထဲမှာ တပ်မတော်သား ၁၄ ဦးလည်း ပါဝင်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ခုလို နှစ်ပေါင်း ၅၀ ကျော်အတွင်း ဝေးလံခေါင်သီတဲ့ဒေသမှာ အဆိုးရွားဆုံး ဘေးအန္တရာယ်တစ်ခုကြောင့် အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေရာမှာ ပျက်စီးနေတဲ့ လမ်းတွေ၊ လမ်းပန်းဆက်သွယ်ရေး ညံ့ဖျင်းမှုတွေက အနှောင့်အယှက်ဖြစ်နေစေခဲ့ပြီး ရာသီဥတုဆိုးရွားမှုတွေကြောင့်လည်း ဒေသခံတွေက အမှိုက်တွေနဲ့ အပျက်အစီးတွေကို ရှင်းလင်းဖို့ ကြိုးစားရုန်းကန်နေကြရပါတယ်။

နီပေါ၊ ဘူတန်နဲ့ တရုတ်နိုင်ငံကြား တောင်တန်းဒေသဖြစ်ပြီး လူပေါင်း ၆၅၀,၀၀၀ လောက်နေထိုင်တဲ့ ဗုဒ္ဓဘာသာပြည်နယ် ဆစ်ကင်မှာ အောက်တိုဘာလ ပထမငါးရက်အတွင်း မိုးရေချိန် ၁၀၁ မီလီမီတာ (လေးလက်မ) အထိရှိခဲ့ပြီး မိုးရေချိန်ဟာ ပုံမှန်ထက် နှစ်ဆပိုများခဲ့တာဖြစ်ပါတယ်။
Ref; CNN


