၆.၁၀.၂၀၂၃
Translated by Htwe Ko Tun

အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့တွင် ခုနှစ်ထပ်ရှိ လူနေအဆောက်အအုံတစ်ခု၌ မီးလောင်ကျွမ်းမှုတစ်ရပ် အောက်တိုဘာ ၆ ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူရှစ်ဦးသေဆုံးပြီး ၄၀ ဦးခန့် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ပြင်းထန်သောအဆိုပါမီးက နံနက် ၃ နာရီခန့်တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ မွမ်ဘိုင်းမြို့၏ Goregaon ရပ်ကွက်တွင် လောင်ကျွမ်းခဲ့သောမီးအား မီးသတ်ကားရှစ်စီးဖြင့် လာရောက်ငြှိမ်းသတ်ခဲ့သော်လည်း မီးကြောင့် ကားများ၊ စက်ဘီးများပါ လောင်ကျွမ်းပျက်စီးခဲ့သည်။

အနီးပတ်ဝန်းကျင်မှလူများက ကားရပ်နားရန်နေရာတွင် မီးစတင်လောင်ကျွမ်းခဲ့ကာ အဆောက်အအုံအတွင်းသို့ပါ ပျံ့နှံ့လောင်ကျွမ်းခဲ့ခြင်းဟု ဆိုကြသည်။ အဆိုပါအဆောက်အအုံက ၂၀၀၆ ခုနှစ်တွင် တည်ဆောက်ခဲ့ကာ အဆောက်အအုံတွင် နေသူများက မွမ်ဘိုင်းမြို့၏ ကျူးကျော်ရပ်ကွက်တစ်ခုမှ ပြောင်းလာကြသူများဖြစ်ပြီး သင့်တော်ထိရောက်သော မီးငြှိမ်းသတ်ရေး ကိရိယာများလည်းမရှိကြဟု သိရသည်။

မီးက မြေညီထပ်တွင် စတင်လောင်ကျွမ်းကာ အပေါ်အထပ်များသို့ မီးခိုးများတက်လာခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့က ပြောခဲ့သည်။ မီးလောင်ကျွမ်းမှုအကြောင်းရင်းကိုစစ်ဆေးဆဲဟုလည်း သိရသည်။

Ref—-India Today

Leave a Reply

Your email address will not be published. Required fields are marked *

Related News