MT News

Written by Nyein Kyaw

ဆိုင်ခန်းပေါင်း ၁၁၀၀ ကျော်ပါဝင်သည့် တညင်းကုန်းလက်ကားဈေးကြီး၏ ဈေးရုံအမှတ် (၁) သစ်သီးဝလံ လက်ကားဈေးအား ယ‌နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး သစ်သီးဝလံများ စတင်ရောင်းချပေးနေပြီဖြစ်ကြောင်း တညင်းကုန်းဈေးအား လုပ်ကိုင်ခွင့်ရရှိထားသည့် Myanmar Agro Exchange Public.Ltd (MAEX) မှ သိရသည်။

“ဒီနေ့ အောက်တိုဘာ ၁ ရက်ကနေစပြီး ဖွင့်တာပေါ့နော်။ စ,စဖွင့်တာဆိုတော့ ဆိုင်ခန်းတွေတော့ မစုံသေးဘူး။ ဒီမှာက A ကနေ H အထိ လိုင်းပေါင်း ရှစ်လိုင်းပေါ့။ အဲဒီအထဲမှာမှ ဒီနေ့ကိုတော့ သုံးလိုင်းပဲ ဖွင့်နိုင်သေးတယ်။ နောက်တစ်ပတ် စနေနဲ့ တနင်္ဂနွေဆိုရင် ပိုစည်မယ်။ ဈေးဆိုင်တွေလည်း တိုးလာမယ်” ဟု MAEX မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

MAEX ကုမ္ပဏီလီမိတက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ လုပ်ငန်းဆောင်ရွက်ရန် မြေနေရာအသုံးပြုခွင့်ပေးပြီး၊ အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (Public Private Partnership, PPP) အစီအစဥ်အရ ဆောင်ရွက်မည့် တညင်းကုန်း အဆင့်မြင့်လက်ကားဈေး တည်ဆောက်ရေးနှင့် စီမံခန့်ခွဲရေးလုပ်ငန်းစီမံကိန်းအား ဒဂုန်အင်တာနေရှင်နယ် လီမိတတ်မှ တင်ဒါအောင်မြင်ပြီးနောက် တင်ဒါပါစည်းကမ်းချက်တွင် ပါဝင်သော အများပိုင်ကုမ္ပဏီ တည်ထောင်ရန်လိုအပ်ချက်အရ ဒဂုန်အင်တာနေရှင်နယ် လီမိတက်သည် မူလကမကထပြု တည်ထောင်သူအဖြစ် ၄၅ ရာခိုင်နှုန်း ထည့်ဝင်လျက် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်တွင် အများပိုင်ကုမ္ပဏီအဖြစ် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။

MAEX ကုမ္ပဏီလီမိတက်အား ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (SECM) မှ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်တွင် စာရင်းမဝင်သော အများပိုင်ကုမ္ပဏီအဖြစ် အများပြည်သူသို့ အစုရှယ်ယာများ ထုတ်ဝေရောင်းချခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)မှ တညင်းကုန်း အဆင့်မြင့် လက်ကားဈေးကို ရင်းနှီးဆောက်လုပ် အကောင်အထည်ဖော် ဆောင်ရွက်ရန် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News