Photo-Credit

၂၈. ၉. ၂၀၂၃

Written by Thettant

မနှစ်က ခရာဘောင်းဖလား ဗိုလ်လုပွဲမှာ မန်ယူနဲ့ နယူးကာဆယ်တို့ တွေ့ဆုံခဲ့တာဖြစ်ပြီး ကာစီမီရိုနဲ့ ရပ်ရှ်ဖို့တို့ရဲ့ ပထမပိုင်းသွင်းဂိုးတွေနဲ့ ငှက်ကျားတွေဟာ သရဲနီကို ခစားခဲ့ရတာပါ။ ဒီနှစ်မှာတော့ စတုတ္ထအဆင့်တင် သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲစဥ်အပါအဝင် ခရာဘောင်းဖလား စတုတ္ထအဆင့် မဲခွဲမှုရလဒ်တွေ ထွက်ပေါ်လာခဲ့ပြီပဲဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းကို တတိယအဆင့်ပွဲစဥ်တုန်းက အိမ်ကွင်းမှာ ဖြုတ်ချနိုင်ခဲ့တဲ့ ငှက်ကျားတွေဟာ ဒီတစ်ကြိမ်တော့ အိပ်မက်ကဇာတ်ရုံမှာ အဝေးကွင်းကန်ရမှာဖြစ်လို့ မနှစ်ကရှုံးကြွေးကို ဆပ်နိုင်ပါ့မလားဆိုတာ အာမခံချက်မရှိနိုင်လောက်ဘူးလို့ ပြောရမှာပါ။

ချဲလ်ဆီးကတော့ ပွဲချောင်နေတယ်လို့ ပြောရမှာဖြစ်ပေမဲ့ ဘလက်ဘန်းအသင်းဟာ တတိယအဆင့်မှာ ကာဒစ်ဖ်ကို ၅ ဂိုး ၂ ဂိုးနဲ့နိုင်ခဲ့တာဖြစ်လို့ အသင်းငယ်တွေအတွက် မျှော်လင့်ခွင့်ရှိတဲ့ ဒီခရာဘောင်းဖလားရဖို့ အားထည့်ကစားနေတာမြင်ရလို့ သူတို့ပွဲကလည်း ကြည့်ကောင်းဦးမှာပါ။

အာဆင်နယ်ကတော့ ဒါဘီပြိုင်ဘက် ဝက်စ်ဟမ်းကို အဝေးကွင်းမှာ သွားရောက်ယှဥ်ပြိုင်ရမှာဖြစ်လို့ ပွဲမချောင်ဘူးလို့ ပြောရမှာဖြစ်သလို သူတို့ထိပ်တိုက်တိုးမှုကလည်း မန်ယူနဲ့ နယူးကာဆယ်ပွဲပြီးရင် စောင့်ကြည့်ချင်စရာအကောင်းဆုံးထိပ်တိုက်တွေ့ဆုံမှုဖြစ်လာတာပါ။ လီဗာပူးလ်ကလည်း ဘုန်းမောက်နဲ့ပဲ ဆုံတာဖြစ်လို့ ပွဲချောင်နေတာကြောင့် စတုတ္ထအဆင့်ကို အလွယ်တကူကျော်ဖြတ်လာနိုင်တဲ့အခြေအနေပါ။ ကျန်တဲ့ ပွဲစဥ်တွေဖြစ်တဲ့ အဲဗာတန်နဲ့ ဘန်လေ၊ မန့်စ်ဖီးလ်နဲ့ ပို့တ်ဗေးလ်၊ အိတ်စ်တာစီးတီးနဲ့ မစ်ဒယ်ဘရော့တို့ တွေ့ဆုံမှုကလည်း မျှတတဲ့ပွဲစဥ်တွေဖြစ်လို့ စောင့်ကြည့်ချင်စရာ ဆွဲဆောင်မှုတွေ ရှိနေဦးမဲ့ တွေ့ဆုံမှုတွေလို့ပဲ ပြောရမှာပါ။

Photo- Credit

Leave a Reply

Your email address will not be published. Required fields are marked *