၂၆.၉.၂၀၂၃
Written by Peya

မြန်မာနိုင်ငံကို လေဖိအားနည်းဆဲလ် ဖြတ်သန်းနိုင်သည့်အတွက် မိုးကြီးပြီး လေပြင်းတိုက်ခတ်နိုင်သည့် အခြေအနေရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

ယနေ့မြန်မာစံတော်ချိန် နံနက်ပိုင်း ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဗီယက်နမ်နိုင်ငံပေါ်တွင် ဖြစ်ပေါ်နေသော လေဖိ အားနည်းဆဲလ်သည် လာအိုနိုင်ငံပေါ်သို့ရောက်ရှိကာ အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းထားသည်။

“လောလောဆယ်ကတော့ တောင်ပိုင်းကနေ မြစ်ဝကျွန်းပေါ်ပေါ့။ မြစ်ဝကျွန်းပေါ်ကတစ်ဆင့် ရခိုင်ပြည်နယ်ကို ဖြတ်ပြီး ပင်လယ်ထဲကို ရောက်မယ်။ ပြီးရင်တော့ လေဖိအားနည်းရပ်ဝန်းဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

ယခုလ ၂၈ ရက်တွင် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းသို့ ရောက်လာကာ ၂၉ ရက်တွင် မြဝကျွန်းပေါ်သို့ ရောက်လာနိုင်ကြောင်းလည်း သိရသည်။

“ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းတို့မှာ မိုးကြီးနိုင်ပါတယ်။ လေပြင်းတိုက်နိုင်ပေမယ့် အများကြီးတော့ မဟုတ်ပါဘူး” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

အဆိုပါလေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းတစ်လုံးဖြစ်လာနိုင်ကြောင်းလည်း မိုးလေဝသပညာရှင်များက ခန့်မှန်းထား သည်။

Leave a Reply

Your email address will not be published. Required fields are marked *