MT News

Written by Nyein Kyaw

ယနေ့ည လှုပ်ခတ်သော ငလျင်ကြောင့် သင်္ဃန်းကျွန်းမြို့နယ်၊ စံပြရပ်ကွက်၊ စံပြ (၂)လမ်းနှင့် စံပြ (၃) တို့တွင် အထပ်မြင့်တိုက်နှစ်လုံး တိမ်းစောင်းသွားခဲ့ပြီး တိုက်ခန်းပိုင်ရှင်များ တိုက်များ၏ ကြံ့ခိုင်မှုအခြေအနေပြင် တိုက်ခန်းဈေးနှုန်းများ ကျဆင်းမည်ကို စိုးရိမ်မှုများရှိနေကြောင်း MT News သတင်းဌာနမှ မြေပြင်အခြေနေများကို သွားရောက်အတည်ပြုမှုကြောင့် သိရှိခဲ့ရသည်။

“တိုက်ခန်းက ငလျင်လှုပ်ပြီးမှ စောင်းသွားတာပေါ့နော်။ အချိန်တိုလေးအတွင်းကို အွန်လိုင်းပေါ် ဘယ်လိုပြန့်သွားလဲမသိပါဘူး။ တိုက်အခြေအနေအရ ကြံ့ခိုင်မှုကိုလည်း စိုးရိမ်တယ်။ ဒါကိုခုတုံးလုပ်ပြီး ဈေးနှိမ်မယ့်သူတွေကလည်း အဆင်သင့်လေ။ ဘာမှကို မပြောချင်တော့ပါဘူး။ ဖြစ်တာက ဟိုဘက် (၂) လမ်းမှာလည်း ဖြစ်တယ်။ အဲဒါကျ မပါဘဲနဲ့ ဒီတိုက်က နာမည်ကြီးနေတာ” ဟု စံပြ (၃)လမ်းရှိ အမျိုးသမီးကြီးတစ်ဦးက ပြောသည်။

တချို့သောမီဒီယာများနှင့် အင်တာနက်လူမှုစာမျက်နှာများတွင် ယနေ့ည ငလျင်လှုပ်ခတ်မှုကြောင့် သင်္ဃန်းကျွန်းမြို့နယ်၊ စံပြရပ်ကွက်၊ စံပြ (၃) လမ်းမှ အထပ်မြင့်တိုက်တစ်လုံး တိမ်းစောင်းသွားခဲ့ကြောင်းသာ ဖော်ပြခဲ့သော်လည်း မြေပြင်အခြေအနေတွင်မူ အဆိုပါတိုက်အပြင် စံပြရပ်ကွက် စံပြ (၂)လမ်းတွင်လည်း အထပ်မြင့်တိုက်တစ်လုံးပါ တိမ်းစောင်းမှုဖြစ်ပွားခဲ့သည်။

“ဒီတိုက်ကတော့ အစ်မတို့ ကန်ထရိုက်ဆီက ယူကတည်းက နည်းနည်းတော့ စောင်းနေတာပေါ့။ အခုတော့ ဒါကပိုစောင်းပြီး ဘေးတိုက်နဲ့ကပ်သွားတာပေါ့။ ခုနက နယ်ထိန်းတွေလည်း လာစစ်သွားတယ်။ သူတို့ကိုလည်း ရှင်းပြလိုက်ပါတယ်။ သူတို့လည်း အခုလေးတင်ကားနဲ့ပြန်သွားတာ။ အပြင်မှာကလည်း အရမ်းသတင်းပြန့်နေတော့ စိုးရိမ်တာပေါ့” ဟု စံပြ (၂) လမ်း တွင် တိမ်းစောင်းခဲ့သည့် တိုက်ခန်းမှ တာဝန်ရှိသူတွေက ပြောသည်။

ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းကြား ယနေ့ည ၈ နာရီ ၅၄ မိနစ်တွင် ရစ်ချ်တာစကေး ၅ ဒသမ ၁ ပြင်းအားရှိ ငလျင်ပြင်းထန်စွာလှုပ်ခတ်ခဲ့ပြီး ငလျင်လှုပ်မှုဒဏ် သိသိသာသာခံစားခဲ့ရပြီး မှော်ဘီမြို့နယ်ရှိ ဘုန်းကြီးကျောင်းတချို့လည်း ထိခိုက်မှုအနည်း ငယ်ရှိခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *