MT News
Written by Min Mahar
နေအိမ်ရှေ့ကွပ်ပျစ်တွင် ထိုင်နေသော ကျေးရွာအုပ်ချုပ်ရေးမှူးကို PDF များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်လိုက်မှု စစ်ကိုင်းမြို့နယ်တွင် ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၂၂ ရက်(ယနေ့)မနက် ၁၀ နာရီခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စကျင်ကျေးရွာရှိ အသက် ၄၁ နှစ်အရွယ် ကျေးရွာအုပ်ချုပ်ရေးမှူးသည် နေအိမ်ရှေ့ကွပ်ပျစ်တွင် ထိုင်နေစဉ် PDF ၅ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့် ၄ ချက်ပစ်ခတ်မောင်းနှင်ထွက်ပြေးသွားရာ ၎င်းအုပ်ချုပ်ရေးမှူးသည် ဒဏ်ရာများရရှိပြီး နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ PDF များသည် စစ်ကိုင်းမြို့၏အနောက်မြောက်ဘက် ၄ မိုင်ခန့်အကွာရှိ စာရေးကျေးရွာဘက်သို့ ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားကြောင်းလည်း သိရသည်။
ထို့အတူ အခင်းဖြစ်ပွားရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များသည်လည်း လုံခြုံရေးအခြေအနေအရ သွားရောက်ခြင်းမရှိသေးကြောင်း အမည်မဖော်လိုသူကျေးရွာသားတစ်ဦးထံမှ သိရသည်။
