၂၂.၉.၂၀၂၃
Written by Peya

Asia Games 2023 တွင် မြန်မာ့လက်ရွေးစင် ယူ ၂၄ အသင်းအနေဖြင့် အုပ်စုတွင်း ရမှတ်တူ အိန္ဒိယအသင်းနှင့် လာမည့် တနင်္ဂနွေနေ့တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အုပ်စုတက်ရန် အခြေအနေရှိကြောင်း မြန်မာအသင်း၏ နှစ်ပွဲကစားပြီး ရလဒ်များအရ သိရသည်။

မြန်မာအသင်းသည် အုပ်စု(က)တွင် ကျရောက်နေခြင်းဖြစ်ပြီး အဆိုပါအုပ်စုတွင် တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့ ပါဝင်ကာ မြန်မာအသင်းက ဘင်္ဂလားဒေ့ရှ်အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရထားပြီး တရုတ်အသင်းကို လေးဂိုး ဂိုးမရှိဖြင့် ရှုံးကာ လာမည့် စက်တင်ဘာ ၂၄ ရက်တွင် ရမှတ်တူ အိန္ဒိယနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

“အိန္ဒိယက ဘင်္ဂလားဒေ့ရှ်ကို ပင်နယ်တီနဲ့ နိုင်ထားပြီး တရုတ်ကိုတော့ ငါးဂိုး တစ်ဂိုးနဲ့ နိုင်ထားပါတယ်။ မြန်မာအသင်းအနေနဲ့ အိန္ဒိယကို အနိုင် ဒါမှမဟုတ် သရေ ကစားနိုင်ဖို့ လိုပါတယ်။ ရှုံးခဲ့ရင်တောင်မှ ကပ်ရှုံးဆိုတာမျိုး ဖြစ်ဖို့လည်း လိုပါတယ်။ ဘာလို့လည်း ဆိုတော့ Asian Games အမျိုးသားဘောလုံးပြိုင်ပွဲမှာ အုပ်စု (၆)အုပ်စုရှိပြီး အုပ်စု ပထမ၊ ဒုတိယ နှစ်သင်းစီနဲ့ အကောင်းဆုံး အုပ်စု တတိယ ၄ သင်း စုစုပေါင်း ၁၆ သင်းက ရှုံးထွက်အဆင့်ကို တက်မှာမို့လို့ပါ” ဟု အားကစား ဆောင်းပါးရှင် တစ်ဦးက ဆိုသည်။

Asian Games ပြိုင်ပွဲသည် FIFA (A)အဆင့်ပြိုင်ပွဲမဟုတ်သဖြင့် လိဂ်ပွဲကစားရန်ရှိနေသည့် ပြည်ပကလပ်အသင်းများမှ ကစားသမား စေလွှတ်ခြင်းမရှိခြင်းကြောင့် အသက်မီသည့် မလေးရှားလိဂ်မှ မြန်မာ ယူ ၂၃ ရှေ့တန်းလူ ဟိန်းထက်အောင်နှင့်အတူ အခြား လက်ရွေးစင် ကစားသမားများလည်း ပါဝင်နိုင်ခြင်းမရှိကြောင်း သိရသည်။

ဂျာမနီနိုင်ငံသား နည်းပြချုပ်အနေဖြင့် မြန်မာ့လက်ရွေးစင် ယူ၂၃ အသင်းမှ ကစားသမားအချို့ ပြန်လည်ခေါ်ယူခဲ့ပြီး ကျန်အသက်မီသည့် ထက်ဖြိုးဝေ၊ ဝေလင်းအောင်၊ ဟိန်းဇေယျာလင်းတို့အပါအဝင် ပြည်တွင်းကလပ်များမှ ယူ၂၄ ကစားသမားများဖြင့် အသင်းအား ပေါင်းစပ်ဖွဲ့စည်းထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *