၂၂. ၉. ၂၀၂၃
Written by Nyein Kyaw
နယ်စပ်မှ ပို့ကုန်တင်ပို့ပြီး ပို့ကုန်ရငွေများ ပြန်လည်ဝင်ရောက်မှုမရှိသောကြောင့် ပို့ကုန်လုပ်ငန်းရှင်အချို့ကို ဖမ်းဆီးစစ်ဆေးမှုများ ဆောင်ရွက်နေသဖြင့် နယ်စပ်ရှိ ပို့ကုန်လုပ်ငန်းရှင်အချို့ နီးစပ်ရာနိုင်ငံများသို့ သွားရောက်ရှောင်တိမ်းနေရကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။
တရုတ်နှင့် ထိုင်းနယ်စပ်ရှိ ပို့ကုန်လုပ်ငန်းရှင်များကို အဓိကစစ်ဆေးခြင်း၊ ဖမ်းဆီးခြင်းများ ဆောင်ရွက်နေခြင်းဖြစ်ပြီး အဆိုပါနယ်စပ်များရှိ ပို့ကုန်လုပ်ငန်းရှင်အချို့သည် တရုတ်နှင့် ထိုင်း နှစ်နိုင်ငံအနက် နီးစပ်ရာနိုင်ငံသို့ သွားရောက်တိမ်းရှောင်နေရကြောင်း သတင်းများ ထွက်ပေါ်နေခြင်းဖြစ်သည်။
“အဲဒီလိုတော့ရှိတယ်။ ရှိတယ်ဆိုတာက Export ထဲမှာက တချို့ ပို့ကုန်လုပ်ငန်းရှင်တွေပေါ့။ သူတို့ငွေဝင်တဲ့ကိစ္စတွေပေါ့။ ငွေပြန်ဝင်ရမယ့် ကိစ္စတွေလို့တော့ သိရတယ်။ အခြားကိစ္စတွေကိုတော့ သိပ်မသိရဘူး။ ဖမ်းထားတယ်။ စစ်ဆေးမေးမြန်းနေတယ်ဆိုတာကိုတော့ သိတယ်။ နောက်ထပ်အကြောင်းအရာတွေကိုတော့ သိပ်မသိဘူးပေါ့နော်။ အပြင်မှာ သိရတာက ငွေပြန်မဝင်ဘူးဆိုပြီးတော့ ကြားတယ်” ဟု မြန်မာ-ထိုင်းနယ်စပ်ရှိ ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၃၀ ရက်တွင် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဆန်းလင်းနှင့် စားအုန်းဆီတင်သွင်းခွင့်ရရှိထားသော လုပ်ငန်းရှင်များ၊ နေပြည်တော်ရှိ စားအုန်းဆီလုပ်ငန်းရှင် ၁၅ ဦးတို့ကိုလည်း ဖမ်းဆီးအရေးယူမှုများ ဆောင်ရွက်ခဲ့သည်ဟု သတင်းများအပြင် အခြားသောဖမ်းဆီးမှုသတင်းများလည်း ထွက်ပေါ်ခဲ့သည်။
လက်ရှိအချိန်တွင် ကုန်စျေးနှုန်းမြင့်တက်စေပြီး စျေးကစားသည်ဟု ယူဆရသော ဆန်ကုန်သည်၊ ပြောင်းကုန်သည်၊ စားအုန်းဆီလုပ်ငန်းရှင်များ၊ စက်သုံးဆီလုပ်ငန်းရှင်းများ၊ ရွှေလုပ်ငန်းရှင်များ၊ ငွေလဲကောင်တာ (Money Changer) များအား တာဝန်ရှိသူများက ခေါ်ယူစစ်ဆေးခြင်း၊ ဝိသမလောဘသားများဟု ပေါ်ပေါက်ပါက အရေးယူဆောင်ရွက်ခြင်း၊ လုပ်ငန်းလိုင်စင် ရုပ်သိမ်းခြင်းများ ဆောင်ရွက်နေသည်ဟု သိရသည်။
