၂၂. ၉. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် နှစ်နိုင်ငံကြား ဗီဇာဝန်ဆောင်မှုနှင့်ပတ်သက်သော နားလည်မှုစာချွန်လွှာအရ သံတမန်များနှင့် တရားဝင်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများကို ဗီဇာကင်းလွတ်ခွင့် ပြန်လည်ခွင့်ပြုပေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက်သတင်းဌာန Bangladesh Sangbad Sangstha က ဖော်ပြထားသည်။
မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး Dr. Md. Monwar Hossain သည် မြန်မာနိုင်ငံနှင့် ဗီဇာကင်းလွတ်ခွင့် ဝန်ဆောင်မှု ပြန်လည်ရရှိစေရန်အတွက် မြန်မာအစိုးရတာဝန်ရှိသူများနှင့် ပြီးခဲ့သောသီတင်းပတ်များအတွင်း တွေ့ဆုံဆွေး နွေးခဲ့ကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးနှင့် မြန်မာအစိုးရတာဝန်ရှိသူများကြား အပြန်အလှန်တွေ့ဆုံဆွေးနွေးပြီးနောက် စက်တင်ဘာ ၁၄ ရက်နေ့တွင် သဘောတူညီမှု ပြန်လည်ရရှိခဲ့ကြောင်းသိရသည်။
ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့သည် ၂၀၀၄ ခုနှစ်တွင် နှစ်နိုင်ငံကြား သံတမန်များနှင့်တရားဝင်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများကို ဗီဇာကင်းလွင့်ခွင့်ပေးရန် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို ထိန်းချုပ်နိုင်ရန်အတွက် စည်းကမ်းတင်းကြပ်မှုအဖြစ် ၂၀၂၀ မတ်လ ၂၈ ရက်တွင် မြန်မာနိုင်ငံဘက်က အဆိုပါ ဗီဇာကင်းလွတ်ခွင့်ကို ဆိုင်းငံ့ခဲ့ကြောင်းသိရသည်။
ယခင်ချုပ်ဆိုခဲ့သော နားလည်မှုစာချွန်လွှာတွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ သံတမန်များနှင့် တရားဝင်နိုင်ငံကူးလက် မှတ်ကိုင်ဆောင်ထားသူများသည် ဗီဇာလိုအပ်ချက်မရှိဘဲ ရက်ပေါင်း ၉၀ ကြာ နေထိုင်ခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံကြား ဗီဇာကင်းလွတ်ခွင့်ပေးမည့် နားလည်မှုစာချွန်လွှာကို ပြန်လည်ခွင့်ပြုခြင်းသည် နှစ်နိုင်ငံကြား လက်ရှိ ရှိနေသည့်အပြန်အလှန် ဆက်ဆံရေးပိုမိုကောင်းမွန်စေရန်နှင့် တရားဝင် ခရီးသွားသွားရောက်လည်ပတ်ခွင့်ရရှိရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
Ref; Bangladesh Sangbad Sangstha
