၂၈. ၈. ၂၀၂၃
Written by Ko Kyaw (Minbu)

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်နှင့် တောင်တွင်းကြီးမြို့နယ်တို့ရှိ ‌အရေးပေါ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၂ ခုကို ယခုဘဏ္ဍာနှစ်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေ ကျပ် ၁၁၆၅ အသုံးပြုဆောင်ရွက်နေကြောင်း မကွေးတိုင်းဒေသကြီး၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှုးဦးဌေးအောင်ထံက သိရသည်။

နှစ်စဉ် မိုးရာသီကာလများတွင် မြစ်ရေ၊ ချောင်းရေတိုက်စားမှုများကြောင့် မြစ်ကမ်းဘေးနှင့်ချောင်းကမ်းဘေးရှိ မြို့၊ ရွာများမှာ ကမ်းပြိုကျမှုအန္တရာယ်များ ကြုံတွေ့ရကြောင်း သိရသည်။ ယခုနှစ် မိုးရာသီကာလများတွင် မိုးရွာသွန်းမှုများပြားခဲ့သဖြင့် မြစ်ကမ်းဘေး၊ ချောင်းကမ်းဘေးရှိ မြို့၊ ရွာများမှာ ကမ်းပြိုကျမှုအန္တရာယ်များကြုံတွေ့နေရပြီး၊ ကမ်းပြိုကျမှုများကြောင့် လူနေအဆောက်အဦများ၊ ဘုရားစေတီနှင့်ဘာသာရေးအဆောက်အအုံများ၊ စာသင်ကျောင်းများနှင့်လယ်ယာမြေများမှာ ပျက်စီးဆုံးရှုံးမှုများကို နှစ်စဉ်ကြုံတွေ့နေရသည်။

ထို့ကြောင့် ယခုဘဏ္ဍာနှစ်အတွင်း ပခုက္ကူမြို့၊ အမှတ်(၂)နှင့် အမှတ်(၃)ရပ်ကွက်တို့တွင် ရွှေချောင်းရေတိုက်စားမှုကာကွယ်ရေးလုပ်ငန်းအား ကွန်ကရစ်ပိုင်အခြေပြု‌ကျောက်စီမြေထိန်းနံရံ ၁၂၀၀ ပေ၊ ကျောက်ကြီးဖြည့်သံခြင်းရေကာ ၂၀၀ ပေ တစ်ချောင်းနှင့် ၁၀၀ ပေ လေးချောင်း လုပ်ငန်းတို့အား ရန်ပုံငွေ ကျပ် ၈၄၇ သန်း၊ တောင်တွင်းကြီးမြို့ နယ်၊ တည်တောကျေးရွာအုပ်စု၊ ပရပ်ကြယ်ကျေးရွာ ရန်ပယ်ချောင်းရေတိုက်စားမှုကာကွယ်ရေးလုပ်ငန်းအား သုံးတန်းသွား Geo Bag ဖြည့်အခြေထိန်း ၂၀၀ ပေ လေးခုနှင့် သုံးတန်းသွား Geo Bag ခင်းရေကာ ၄၆၀ ပေ လေးခု၊ ချောင်းဖြောင့်တူးဖော်ခြင်း ၃၂၀၀ ပေ တို့အား ရန်ပုံငွေ ကျပ် ၃၁၈ သန်းဖြင့်ဆောင်ရွက်နေကြောင်း ၎င်းကပြောပြသည်။

သဘာဝဘေးကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို ယခင်နှစ်ကလည်း အမျိုးသားသဘာဝဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် စလင်းမြို့နယ်နှင့် သရက်မြို့နယ်တို့တွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယခင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်းကလည်း စလင်းမြို့နယ်၊ ရွှေဇံသီးကျေးရွာမှကမ်းပြိုကာကွယ်ရေးအတွက် ချောပိုင်အခြေပြုကျောက်စီမြေထိန်းနံရံ အလျား ၄၇၀ ပေ လုပ်ငန်းအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေ ကျပ်သန်း၂၀၀ ဖြင့်လည်းကောင်း၊ သရက်မြို့နယ်၊ ရွာသစ်ကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ကျောက်ကြီးဖြည့်သံခြင်းမြေထိန်းနံရံ ၃၀၀ ပေတည်ဆောက်ခြင်းလုပ်ငန်းအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေ ၈၆ သန်းကျော်ဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *