၂၃.၈.၂၀၂၃
Translated by Htwe Ko Tun

ထိုင်းနိုင်ငံမှာ ဖျူထိုင်းပါတီက အဆိုပြုတဲ့ ဝန်ကြီးချုပ်လောင်း ဆရက်သာသာဗီဆင်ကို နိုင်ငံရဲ့ အယောက် ၃၀ မြောက်ဝန်ကြီးချုပ်အဖြစ် ထိုင်းပါလီမန် ပူးတွဲမဲပေးရွေးချယ်ပွဲမှာ ဩဂုတ်လ ၂၂ ရက်က ရွေးကောက်ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ထိုင်းနိုင်ငံရဲ့ ပြည်သူတွေအကြား အရောင်တွေကို အမှတ်သညာပြုပြီး ရှပ်နီနဲ့ရှပ်ဝါလို နှစ်အတန်ကြာ နိုင်ငံရေးစိတ် ဝမ်းကွဲခဲ့ကြမှုလည်း အဆုံးသတ်ကာ ထိုင်းနိုင်ငံရေး ကဏ္ဍသစ်တစ်ရပ်ကို စတင်ဖွင့်လှစ်နိုင်တော့မယ်လို့ ယူဆလာကြပါတယ်။

ဆယ်စုနှစ်တစ်ခုကျော် မတူညီတဲ့ နိုင်ငံရေးအယူအဆတွေအကြား ပဋိပက္ခဖြစ်ပွားလာနေခဲ့ကြတဲ့ ရှပ်နီနဲ့ ရှပ်ဝါအုပ်စုတို့ဟာလည်း အတိတ်ကာလက တစ်ဖက်နဲ့တစ်ဖက် ထိုးနှက်တိုက်ခိုက်မှုတွေကို မေ့ပျောက်ကာ သူတို့အတွက် အဓိကခြိမ်းခြောက်မှုအဖြစ် Move Forward Party (MFP) လို့ သတ်မှတ်ပြီး ပူးပေါင်းခဲ့ကြတယ်လို့လည်း နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

ဖျူထိုင်းပါတီအနေနဲ့ အခုအခါမှာဆို ထိုင်းစစ်တပ်ကိုထောက်ခံတဲ့နိုင်ငံရေးပါတီတွေဖြစ်တဲ့ United Thai Nation (UTN) ပါတီနဲ့ Palang Pracharath ပါတီတို့အပြင် အခြားပါတီရှစ်ခုအပါအဝင် စုစုပေါင်း နိုင်ငံရေးပါတီ ၁၁ ခု ပူးပေါင်းလို့ မဟာမိတ်အဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခဲ့တာပါ။ အခုဆိုရင် ဝန်ကြီးချုပ်နေရာ ရယူနိုင်ခဲ့တဲ့ ဖျူထိုင်းဟာ မဟာမိတ်ပါတီတွေနဲ့အတူ အစိုးရအဖွဲ့သစ်ကို ပူးပေါင်းဖွဲ့စည်းတော့မှာပါ။

Rangsit တက္ကသိုလ်က နိုင်ငံရေးသိပ္ပံကထိကတစ်ဦးဖြစ်တဲ့ ဝန်ဝီချစ် ဘွန်ပရွန်က ဝန်ကြီးချုပ်ဟောင်းသက်ဆင် ထိုင်းနိုင်ငံသို့ပြန်လာခြင်းနဲ့ ဖျူထိုင်းပါတီက United Thai Nation(UTN) ပါတီနဲ့ Palang Pracharath ပါတီတို့နဲ့မဟာမိတ်ဖွဲ့စည်းပြီး ဆန့်ကျင်ဘက်အုပ်စုနှစ်ခု ပူးပေါင်းခဲ့ကြခြင်းဟာ MFP ကို သူတို့နှစ်ဦးစလုံးရဲ့ ခြိမ်းခြောက်မှုအန္တရာယ်အဖြစ် ရှုမြင်လာကြတာပဲဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။

ဝန်ဝီချစ်က “ထိုင်းနိုင်ငံရဲ့ ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေအနေတွေက ဆန့်ကျင်ဘက်အုပ်စုတွေကို တူတူလက်တွဲရပ်တည်ကြဖို့ တွန်းအားပေးခဲ့တယ်ဆိုရမှာပဲ။ အခုအစိုးရသစ်အနေနဲ့လည်း ကြာရှည်စွာတည်ရှိနိုင်မယ်လို့ ကျွန်တော်ယုံကြည်တယ်” လို့ ပြောခဲ့ပါသေးတယ်။ ဒါ့အပြင် သူက မစ္စတာဆရက်သာကို ထောက်ခံမဲပေးခဲ့ကြတဲ့ အထက်လွှတ်တော်အမတ်အများစုက အရင်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး(ငြိမ်း) ပရာယွတ်နဲ့ရင်းနှီးသူတွေဖြစ်တာကိုတွေ့ရပြီး အစိုးရသစ်အတွင်း ဝန်ကြီးနေရာတွေ ခွဲဝေသတ်မှတ်တဲ့အခါ ပရာယွတ်ရဲ့ ပါတီဟောင်းဖြစ်တဲ့ UTN အနေနဲ့ အမြင့်ဆုံးအဆင့်ရရှိလိမ့်မယ်လို့ မျှော်လင့်ထားတယ်ဆိုတာလည်း ပြောခဲ့ပါတယ်။

ထိုင်းနိုင်ငံရေးလောကမှာ Uncles လို အမည်တပ်အခေါ်ခံရတဲ့ စစ်တပ်ကိုထောက်ခံတဲ့နိုင်ငံရေးပါတီတွေဖြစ်တဲ့ United Thai Nation(UTN) ပါတီနဲ့ Palang Pracharath ပါတီတို့နဲ့ ပူးပေါင်းခဲ့ခြင်းအတွက် ဖျူထိုင်းအနေနဲ့ ကြီးမားတဲ့ ဝေဖန်တိုက်ခိုက်မှုတွေကိုတော့ ကြုံခဲ့ရပါတယ်။ MFP ကတော့ သူဦးဆောင်တဲ့ ရှစ်ပါတီမဟာမိတ်အဖွဲ့ကထွက်သွားခဲ့လို့ ဖျူထိုင်းပါတီကို သစ္စာဖောက်လို့ အမည်တပ်ခဲ့ပါတယ်။ မေလ ၁၄ ရက် ရွေးကောက်ပွဲမတိုင်မီက Uncle ပါတီတွေနဲ့ ပူးပေါင်းလက်တွဲမှာမဟုတ်ဘူးလို့ ပြောခဲ့အပြီး အခုလို ပူးပေါင်းမှုအတွက် ဖျူထိုင်းကို ပါတီတွင်းပါတီပက ဝေဖန်မှုတွေကြီးမားစွာထွက်ပေါ်ခဲ့ရပါသေးတယ်။ ဖျူထိုင်းပါတီခေါင်းဆောင်တွေကတော့ ပါတီအနေနဲ့ ထိုင်းနိုင်ငံရေးမှာ အုပ်စုဖွဲ့တိုက်ခိုက်နေရမှုကို မလိုလားဘူး။ နိုင်ငံရှေ့သို့ဆက်လက်ချီတက်နိုင်ဖို့၊ လောလောဆယ် အကျဉ်းအကျပ်အခြေအနေက ကယ်တင်ဖို့ မည်သူနဲ့မဆို အခုလိုပူးပေါင်းမှုတွေ လုပ်ရမှာပဲလို့လည်း ပြောခဲ့ပါတယ်။

ဘယ်ပါတီက တခြားဘယ်ပါတီနဲ့ပူးပေါင်းတာပဲဖြစ်ဖြစ် ထိုင်းနိုင်ငံရေးက လက်ရှိမှာတော့ ရွေးကောက်ပွဲအပြီး ရက်ပေါင်း ၁၀၀ ခန့်အထိ ဝန်ကြီးချုပ်အသစ်မရွေးနိုင်၊ အစိုးရအဖွဲ့သစ်မဖွဲ့နိုင် ဖြစ်နေရတဲ့အခြေအနေကို လွန်မြောက်ခဲ့ပါပြီ။ ပိုလို့ဝမ်းသာဖို့ကောင်းတာက ဖြစ်ခဲ့တဲ့ နိုင်ငံရေးအကျပ်အတည်းအခြေအနေက တစ်ဖက်မှာတော့ အသွေးအရောင်မတူတာနဲ့ အမုန်းပွားလာကြတဲ့ နိုင်ငံရေးအုပ်စုနှစ်ခုကို လက်ချင်းတွဲလိုက်သလိုဖြစ်စေခဲ့ပြီး ပြည်သူတွေကြားက စိတ်ဝမ်းကွဲမှုကို အဆုံးသတ်စေတော့မယ်လို့ မျှော်လင့်ရတာပါပဲ။

နိဂုံးချုပ်ဆိုရရင်တော့ နိုင်ငံရေးအရ အသွေးအရောင်မတူတာနဲ့ ပြည်သူတွေကြားစိတ်ဝမ်းကွဲမှုတွေ နောက်ဆက်တွဲဖြစ်မလာစေဖို့ နိုင်ငံတိုးတက်ရေးအတွက်သာဦးတည်ပြီး ပါတီတွေအကြား လက်တွဲဆောင်ရွက်သင့်ကြတာကို တခြားနိုင်ငံတွေလည်း ထိုင်းနိုင်ငံကို နမူနာယူသင့်ကြတယ်လို့ ဆိုပါရစေ။

Ref—–Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *

Related News