၉. ၈. ၂၀၂၃
Written by Peya

U12 Junior Soccer World Challenge 2023 တွင် မြန်မာ့လက်ရွေးစင် ယူ ၁၂ အသင်း သည် ဘာစီလိုနာ လူငယ်အသင်း နှင့် ပွဲဦးထွက် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း မြန်မာအသင်း နည်းပြချုပ် အောင်ကျော်ဇံ က ပြောသည်။

ဂျပန်နိုင်ငံ၊ ချီဘားမြို့တွင် သြဂုတ် ၂၄ ရက်မှ ၂၇ ရက်အထိ ကျင်းပပြုလုပ်မည့် အဆိုပါ ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ယူ – ၁၂ အသင်းသည် အုပ်စု( C )၌ ကျရောက်နေပြီး အဆိုပါ အုပ်စုတွင် ဘာစီလိုနာလူငယ်အသင်း၊ Daiwa House Dream လူငယ်အသင်း၊ JEF United Chiba U-12 လူငယ်အသင်းတို့ ပါဝင်နေခြင်း ဖြစ်သည်။

“ရွေးချယ်ထားတဲ့ ၁၈ ယောက်ဟာ ၂၂ ရက်မှာ ရန်ကုန်ကနေ ဂျပန်ကို ထွက်ခွာပါမယ်။ ၂၃ ရက် တစ်ရက် နားပြီးရင် ၂၄ ရက် မနက် ၁၀ နာရီခွဲမှာ ဘာစီလိုနာ အသင်းနဲ့ အဖွင့်ပွဲ ကန်ရမှာပါ။ ၁၂ နာရီ ၁၅ မိနစ်မှာ ဂျပန်ကလပ် အသင်းနဲ့ ထပ်ကန်ရမှာပါ။ ၂၅ ရက်မှာလည်း ဂျပန်ကလပ် နောက်တစ်သင်းနဲ့ ထပ်ကန်ရမှာပါ” ဟု နည်းပြချုပ် ဦးအောင်ကျော်ဇံက ဆိုသည်။

ယခုပွဲသည် ကစားသမားများအတွက် ပထမဆုံး နိုင်ငံတကာပွဲ အတွေ့အကြုံဖြစ်ကာ ကစားမည့် နည်းစနစ်များနှင့် ပတ်သက်၍ လက်ရှိတွင် လေ့ကျင့်နေကြောင်းလည်း ၎င်းက ဆိုသည်။

“ဘာစီလိုနာက သူတို့ရဲ့ အသင်း ဘယ်လိုလာမလဲ ဆိုတာ ကျွန်တော်တို့ မသိသေးပါဘူး။ ဒါပေမယ့် သူတို့က နာမည်ကြီး အသင်းတစ်သင်းပါပဲ။ ဒီလိုအသင်းနဲ့ ကန်ရမယ်ဆိုတော့ ကလေးတွေကော ကျွန်တော်တို့ကော ဂုဏ်ယူပါတယ်။ ကလေးတွေဆို ဘာစီလိုနာနဲ့ ကန်ရမယ်ဆိုတော့ သူတို့ အားပေးနေတဲ့အသင်းဖြစ်တဲ့အတွက် အဲ့ဒီအသင်းနဲ့ ကန်ရမှာကို ပျော်နေပါတယ်။ အဲ့ဒီအတွက်လည်း ကိုယ့်ထက် အားသာတဲ့ အသင်းကို ဘယ်လို ကစားမလဲ။ ကိုယ့်ထက် အားနည်းတဲ့ အသင်းဆိုတာလည်း ရှားပါတယ်။ ဒီ အသင်းအတွက်ကို ကျွန်တော် အကောင်းဆုံး ပြင်ဆင်သွားမှာပါ။ ပြင်ဆင်လည်း ပြင်ဆင်နေပါပြီ” ဟု ဦးအောင်ကျော်ဇံ က ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *