ဓာတ်ပုံ - စီးပွားကူးသန်းဝန်ကြီးဌာန

၉. ၈. ၂၀၂၃
Written by Ye Kyaw

မြဝတီလမ်းပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် လမ်းပိုင်းအချို့ ပျက်စီးနေသဖြင့် ကုန်သွယ်မှု နှောင့်နှေးမှုမရှိစေရန် မြ၀တီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်/သွင်းကုန်လိုင်စင်ရရှိထားသော လုပ်ငန်းရှင်များအား မြန်မာ-ထိုင်းနယ်စပ် အခြားနယ်စပ်ဂိတ်များနှင့် ပင်လယ်ရေကြောင်းမှ ဆောင်ရွက်နိုင်ရန် ပြောင်းလဲခွင့်ပြုမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနမှ ဩဂုတ်လ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၇ ရက်တွင် မြန်မာ-ထိုင်း ကုန်သွယ်မှုလမ်းကြောင်းဖြစ်သည့် မြဝတီလမ်းပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် လမ်းပိုင်းအချို့ ပျက်စီးမှုများရှိခဲ့ပြီး ပြင်ဆင်ရန်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် ကုန်သွယ်မှုလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် ပို့ကုန်လုပ်ငန်းရှင်များအနေနှင့် တင်ပို့ရန် ပို့ကုန်လိုင်စင် ခွင့်ပြုချက်ရရှိပြီးသော ပစ္စည်းများအတွက် မြန်မာ-ထိုင်း မည့်သည့် နယ်စပ်ပေါက်မှမဆို တင်ပို့လိုပါက စခန်းပေါက်ပြောင်း ခွင့်ပြုပေးမည်ဖြစ်သကဲ့သို့ ပင်လယ်ရေကြောင်းမှ တင်ပို့လိုပါကလည်း ပြောင်းလဲခွင့်ပြုပေးမည်ဖြစ်သည်။

အလားတူ သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် တင်သွင်းရန် သွင်းကုန်လိုင်စင် ခွင့်ပြုချက်ရရှိပြီးသော ပစ္စည်းများအတွက် မြန်မာ-ထိုင်း မည်သည့်နယ်စပ်အပေါက်မှမဆို တင်သွင်းလိုပါက စခန်းပေါက် ပြောင်းခွင့်ပြုမည်ဖြစ်သကဲ့သို့ ပင်လယ်ရေကြောင်းမှ တင်သွင်းလိုပါကလည်း ပြောင်းလဲခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း အသိပေးကြညာထားသည်။

မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်မှပုံမှန်တင်ပို့လျက်ရှိသည့်ပို့ကုန်ပစ္စည်းများမှာ ချုပ်ပြီးအထည်၊ ကြက်သွန်နီ၊ ငရုတ်သီး (အစိမ်း/အစို)၊ ရော်ဘာ၊ ဆန်ကွဲ၊ ဆန်မှုန့်အပြင် အခြားပို့ကုန်များနှင့် သွင်းကုန်ပစ္စည်းများမှာ ချည်ထည်များ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်များ တင်သွင်းလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် လေးလအတွင်း မြန်မာ-ထိုင်းနယ်စပ် မြဝတီကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ‌ ဒေါ်လာသန်း ၆၀၀ ကျော် ဆောင်ရွက်ထားပြီး ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ကုန်သွယ်မှုဆောင်ရွက်မှုအခြေအနေ ဒေါ်လာသန်း ၁၅၀ ကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *