၂၈. ၇. ၂၀၂၃
Written by Nyein Kyaw

ရွှေဈေးနှုန်းတည်ငြိမ်ရေးအတွက် ရွှေဆိုင်များ အလျော့တွက်၊ လက်ခကို သင့်တင့်မျှတသည့်နှုန်းထားဖြင့်သာ ရောင်းချရန်နှင့် ထပ်ဆောင်းအလျော့တွက်များကို ထည့်သွင်းတွက်ချက်ခြင်း မပြုလုပ်ရန် ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း (YGEA) က အသိပေး ကြေညာထားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေဆိုင်များသည် လက်ဝတ်တန်ဆာများ ရောင်းဝယ်ရာတွင် တစ်ဆိုင်နှင့်တစ်ဆိုင် ပုံစံဒီဇိုင်းများအရ အလျော့တွက်လက်ခများ ကွဲပြားလျှက်ရှိကြောင်း၊ ရွှေဈေးနှုန်းတည်ငြိမ်ရေး ဖြစ်စေရန်အတွက် ရောင်းချရာတွင် သင့်တင့်မျှတသည့် အလျော့တွက်လက်ခနှုန်းဖြင့်သာ ရောင်းချပေးပါရန်နှင့် ထပ်ဆောင်းအလျော့တွက်များကို ထည့်သွင်းတွက်ချက်ခြင်း မပြုလုပ်ကြပါရန် မေတ္တာရပ်ခံထားခြင်းဖြစ်သည်။

ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူထုတ်ဝေမည်ဟု ဗဟိုဘက်က ဇူလိုင် ၂၃ ရက်တွင် ထုတ်ပြန်ပြီးနောက် ဇူလိုင်လ ၂၄ ရက်တွင် ပြည်တွင်း၌ ရွှေဈေးနှုန်းအတက်အကျ အရမ်းမြန်နေပြီး အချို့ရွှေဆိုင်များ ရွှေအရောင်းအဝယ်ပြုလုပ်မှု ရပ်ဆိုင်းထားမှုများ ဖြစ်ပေါ်ခဲ့သည်။

ထို့ပြင် ကမ္ဘာ့ရွှေဈေးမြင့်တက်မှုမရှိသော်လည်း ဇူလိုင်လ ၂၄ ရက်မှစတင်၍ ပြည်တွင်းရွှေဈေးနှုန်း အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃၅ သိန်းအထိမြင့်တက်ခဲ့ပြီး ဇူလိုင်လ ၂၈ ရက် (ယနေ့တွင်) အ‌ခေါက်ရွှေတစ်ကျပ်သား ဝယ်ဈေး ကျပ်၃,၅၀၅,၀၀၀ နှင့် ရောင်းဈေး ကျပ် ၃,၅၅၀,၀၀၀ ဖြစ်ပေါ်လျက်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *