၂၇. ၇. ၂၀၂၃
Written by Ye Kyaw

အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော်သစ်တွင် မြန်မာနိုင်ငံမှ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များ (သို့မဟုတ်) ရင်းနှီးမြှုပ်နှံသူများ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)က ဇူလိုင်လ ၂၆ ရက်တွင် အသိပေး ကြေညာထားသည်။

အင်ဒိုနီးရှားနိုင်ငံအစိုးရသည် ၂၀၂၄ ခုနှစ်တွင် ၎င်းတို့၏ လက်ရှိမြို့တော် ဂျကာတာမှ မြို့တော်အသစ်ဖြစ်သော အရှေ့ကာလီမန်တန်ရှိ နူဆန်တာရာ (Nusantara) မြို့တော်သို့ တရားဝင်ပြောင်းရွှေ့ရန် စီစဉ်လျက်ရှိသည်။

အဆိုပါ မြို့တော်သစ် နူဆန်တာရာ (Nusantara)တွင် မြန်မာနိုင်ငံမှ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူများအား လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ထားကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် နူဆန်တာရာ (Nusantara)ရှိ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများနှင့် ပတ်သက်၍ မြန်မာနိုင်ငံမှ စိတ်ပါဝင်စားသည့် ရင်းနှီးမြှုပ်နှံသူ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အဆိုပါ စီမံကိန်းတာဝန်ရှိသူ၏ ဖုန်းအမှတ် +၆၂-၂၁-၂၇၀၉၉၁၀၀၊ အီးမေးလ် [email protected] နှင့် [email protected] များသို့ တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း DICA မှ အသိပေးကြေညာထားသည်။

၂၀၂၃ ခုနှစ် ဇွန်လအကုန်အထိ အင်ဒိုနီးရှားနိုင်ငံမှ မြန်မာနိုင်ငံတွင် ဒေါ်လာသန်း ၂၉၀ တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၈ ခု လာရောက်ရင်းနှီးမြှုပ်နှံထားပြီး မြန်မာနိုင်ငံအတွင်း လာရောက်ရင်းနှီးမြှုပ်ထားသည့် နိုင်ငံပေါင်း ၅၂ နိုင်ငံအနက် အဆင့် ၁၄ တွင် ရပ်တည်နေသည်။

Leave a Reply

Your email address will not be published. Required fields are marked *