၁၅. ၇. ၂၀၂၃
Written by Min Mahar

ကျောက်ဆည်မြို့နယ်တွင် ကျေးရွာမီးလင်းရေးကော်မတီဝင်တစ်ဦး မီတာကြေးငွေများသွားသွင်းပြီးအပြန် PDF နှစ်ဦးက သေနတ်ဖြင့်ပစ်သ-တ်သွားမှု ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

ဖြစ်စဉ်မှာ ယနေ့ဇူလိုင်လ ၁၅ ရက် မနက် ၁၁ နာရီ ၂၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရဲဘော်ကျေးရွာတွင် နေထိုင်သော အသက် ၄၇ နှစ်အရွယ်ရှိသည့် အမျိုးသားတစ်ဦး(ကျေးရွာမီးလင်းရေးကော်မတီဝင်)သည် ကျေးရွာအတွင်းမှ ကောက်ခံရရှိထားသော မီတာကြေးများအား ကျောက်ဆည်မြို့ရှိ မြို့နယ်လျှပ်စစ်ရုံးသို့သွားသွင်းခဲ့ပြီး အပြန်တွင် အနောက်မှဆိုင်ကယ်တစ်စီးဖြင့် PDF အမျိုးသားနှစ်ဦးလိုက်ပါလာပြီး ပတ္တာကျေးရွာအနီး ကျောက်ဆည်စက်မှုဇုံသွား ကားလမ်းပေါ်တွင် သေနတ်ဖြင့် ၅ ချက်ပစ်သ-တ်သွားကြောင်း သိရသည်။

အဆိုပါပစ်ခတ်ခံရမှုကြောင့် ၎င်းသည် ရင်ညွန့်ကို ၂ ချက်၊ ဝမ်းဗိုက် ၁ ချက် ၊ ဘယ်ဘက်လက်မောင်းကို ထုတ်ချင်းပေါက်သွားသည့်ဒဏ်ရာ ၁ ချက်၊ လည်ပင်းကို ဖောက်ဝင်သွားသည့်ဒဏ်ရာ ၁ ချက် စသည့် ဒဏ်ရာများရရှိကာ နေရာမှာပင် သေဆုံးသွားသဖြင့် အလောင်းအား ကျောက်ဆည်ပြည်သူ့ဆေးရုံ ရင်ခွဲဌာနသို့ လူမှုကူညီရေးအသင်း(ကျောက်ဆည်)မှ မော်တော်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားသည့်နေရာသို့ လုံခြုံရေးတပ်ဖွဲ့များရောက်ရှိလာပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်ရာ ဖြစ်စဉ်နေရာတွင် Luger ကျည်ခွံနှစ်ခုတွေ့ရှိခဲ့သဖြင့် သိမ်းဆည်းသွားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *