၁၅. ၇. ၂၀၂၃
Written by Ye Kyaw

မြန်မာနိုင်ငံအတွင်း ဒီဂျစ်တယ်လ်နည်းလမ်းဖြင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်များပြားလာသည့်အတွက် နိုင်ငံ၏စီးပွားရေးစနစ်အတွင်း လှည်လည်သုံးစွဲငွေ (CIC)များ နှစ်စဥ်လျော့ကျလာခဲ့ပြီး ၂၀၂၃ ခုနှစ် (မေလအထိ)တွင် ၁၁ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်း ယနေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအတွင်း ဒီဂျစ်တယ်လ်ပေးချေမှုများ ဖွံ့ဖြိုးတိုးတက်လာစေရေးဆောင်ရွက်ချက်များကြောင့် ၂၀၂၂ ခုနှစ်တွင် အင်တာနက်ဘဏ်လုပ်ငန်း၊ မိုဘိုင်းလ်ဘဏ်လုပ်ငန်း၊ မိုဘိုင်းလ်ပေးနှင့် မိုဘိုင်းလ်ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်မှုတန်ဖိုးသည် ကျပ် ၃၁,၆၆၆ ဘီလျံရှိခဲ့ရာ၊ ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၄၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ဒီဂျစ်တယ်လ်နည်းလမ်းဖြင့် ငွေရေးကြေးရေးဆောင်ရွက်မှုများ တိုးတက်များပြားလာသည်နှင့်အတူ နိုင်ငံ၏စီးပွားရေးစနစ်အတွင်း လှည့်လည်သုံးစွဲငွေ(Currency in Circulation-CIC) များ လျော့နည်းကျဆင်းခဲ့ရာ ၂၀၂၁ ခုနှစ်တွင် CIC တိုးတက်မှုနှုန်းသည် ၄၈ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် ၂၉ ရာခိုင်နှုန်းသို့လည်းကောင်း၊ ၂၀၂၃ ခုနှစ် (မေလအထိ)တွင် ၁၁ ရာခိုင်နှုန်းသို့လည်းကောင်း အသီးသီး ကျဆင်းလာခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံအတွင်း ငွေသားကိုင်တွယ်သုံးစွဲမှုများ လျော့ကျလာစေရေး၊ ဒီဂျစ်တယ်လ်ငွေပေးချေမှုစနစ်များနှင့် စပ်လျဉ်း၍ အများပြည်သူများပိုမို သိရှိနားလည်လာစေရေးနှင့် ငွေပေးချေမှုစနစ်ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံ၏စီးပွားရေးတိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရေးတို့အတွက် လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နေပြည်တော်အား ဒီဂျစ်တယ်လ်မြို့တော် (Digital City) အဖြစ် မြှင့်တင်နိုင်ရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များ၊ မိုဘိုင်းလ်ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများကို လိုအပ်သည့် လမ်းညွှန်မှုများပြုလုပ်ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၃ ခုနှစ်၊ မေလမှစတင်၍ နေပြည်တော်ဝန်ကြီးဌာနများရှိ အရာထမ်း၊ အမှုထမ်းများ၏ လစာများကို ဒီဂျစ်တယ်လ်နည်းလမ်းဖြင့် ပံ့ပိုးပေးနိုင်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *