MT News

Written by Nay Aung

အဖွဲ့ဝင်နိုင်ငံပေါင်း ၂၇နိုင်ငံ ပါဝင်သော ဥရောပသမဂ္ဂ(အီးယူ)နှင့် အာဆီယံအဖွဲ့ကြား အပြန်အလှန်ဆက်ဆံရေးကို ကြီးကြပ်သူအဖြစ် မြန်မာနိုင်ငံက တာဝန်ယူမည့် အစီအစဉ်ကို ကန့်ကွက်ဆန့်ကျင့်သွားမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂအဖွဲ့၏ ထိပ်တန်းသံတမန်တစ်ဦးဖြစ်သောဂျိုးဆပ်ဘော်ရယ်လ်က ထုတ်ဖော်ပြောဆိုလိုက်သည်။

ဂျိုးဆပ်ဘော်ရယ်လ်သည် အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဥရောပသမဂ္ဂအဖွဲ့ကိုယ်စား တက်ရောက်ခဲ့ကြောင်းသိရသည်။

၎င်းက ” ဥရောပသမဂ္ဂ နဲ့ အာဆီယံအဖွဲ့ကြား ဆက်ဆံရေးအတွက် အာဆီယံအဖွဲ့ရဲ့ ပူးပေါင်းဆောင်ရွက်တဲ့ နိုင်ငံအဖြစ် မြန်မာနိုင်ငံက တာဝန်ယူမယ့်အလားလာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဟာ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတယ်။ အာဆီယံနဲ့ ဥရောပသမဂ္ဂအဖွဲ့ကြား ဆက်ဆံရေးကို အာဆီယံကိုယ်စား ကြီးကြပ်မယ့်နိုင်ငံအဖြစ် မြန်မာနိုင်ငံက တာဝန်ယူမယ့်ကိစ္စနဲ့ပတ်သက်ပြီး အခက်အခဲတွေကို ကျော်လွှားနိုင်အောင် အဖြေရှာသွားရမယ်”ဟုပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့သော အစည်းအဝေးအတွင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် တစ်စုံတစ်ရာမှတ်ချက်ပြုပြောဆိုခြင်းမရှိခဲ့ကြောင်း သိရသည်။ အာဆီယံအဖွဲ့သည် အဖွဲ့ဝင်တစ်နိုင်ငံကို ဥရောပသမဂ္ဂ အပါအဝင် ကမ္ဘာအင်အားကြီးနိုင်ငံတစ်နိုင်ငံချင်းစီနှင့် အပြန်အလှန် ကုန်သွယ်ရေး၊ နိုင်ငံရေးနှင့် လုံခြုံရေး ကိစ္စများကို ကြီးကြပ်ရန်တာဝန်သတ်မှတ်ပေးပြီး သုံးနှစ်ကြာ တာဝန်ယူရမည်ဖြစ်ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံသည် လက်ရှိအချိန်တွင် အာဆီယံနှင့် ဥရောပသမဂ္ဂကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးကို ကြီးကြပ်ညှိနှိုင်းသူအဖြစ်တာဝန်ယူနေပြီး လာမည့်နှစ်တွင် မြန်မာနိုင်ငံက အဆိုပါတာဝန်ကို ရယူရဖွယ်ရှိနေကြောင်း သိရသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် အာဆီယံနှင့်ဥရောပသမဂ္ဂ အဖွဲ့ကြား ဆက်ဆံရေးကို ကြီးကြပ်ညှိနှိုင်းသော နိုင်ငံအဖြစ် မြန်မာနိုင်ငံအစား လာအိုနိုင်ငံကို လွှဲပြောင်းပေးရန် စဉ်းစားဖွယ်ရှိနေကြောင်း၊ လာအိုနိုင်ငံသည်လာမည့်နှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူဖွယ်ရှိနေကြောင်းဥရောပသမဂ္ဂ သံတမန်က ပြောသည်။

Ref-Daily Mail

Leave a Reply

Your email address will not be published. Required fields are marked *