၁၅. ၇. ၂၀၂၃
Written by Peya

မိုင်းဖုန်းဆရာတော်ဘုရားကြီး၏ ကျန်းမာရေးအခြေအနေကြောင့် ယမန်နေ့ ညပိုင်းက စတင်ကာ ထိုင်းနိုင်ငံတွင် ဆေးဝါးကုသမှု ခံယူနေရကြောင်း တောင်တန်းသာသနာပြု ဆရာတော် ဦးသုခမိန္ဒ (စဝ်ဆုခမ်း) က MT News သတင်းဌာနသို မိန့်ကြားသည်။

ဆရာတော့်ကို ဇူလိုင်လ ၁၄ ရက် ညပိုင်းတွင် ထိုင်းနိုင်ငံသို့ ဆေးဝါးကုသမှုခံယူရန်အတွက် ပို့ဆောင်လိုက်ခြင်း ဖြစ်သည်ဟု သိရကြောင်းလည်း ဆရာတော်က မိန့်သည်။

“(ဆေးရုံတင်လိုက်ရတာက) ဟုတ်တယ်။ အစာအိမ် နာတာနဲ့ တူတယ်။ ဘန်ကောက်ဆေးရုံပါပဲ။ မနေ့ညက တင်လိုက်ရတာပါ” ဟု ဆရာတော် ဦးသုခမိန္ဒက မိန့်ကြားသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဝါတွင်း ၃ လ အဓိဌာန်ဝင်ရန်အတွက် မိုင်းဖုန်းဆရာတော်သည် မိုင်းလားအထူးဒေသ (၄) မိုင်းခန် ဖဝတ်ဂူသို့ အဓိဌာန်ဝင် ကြွရောက်ခဲ့ပြီး မဝင်မီ မနက်ပိုင်းက မှိုဆွမ်းဟင်း ဘုဉ်းပေးရာ မှိုဆိပ်တက်သည့် ဝေဒနာကို ခံစားခဲ့ရသောကြောင့် ဇူလိုင် ၈ ရက်တွင် ထိုင်းနိုင်ငံသို့ ဆေးကုသမှု ခံယူရန် ပို့ဆောင်ခဲ့ရသေးကာ ဇူလိုင်လ ၉ ရက်တွင် ဆေးရုံက ဆင်းခဲ့သည်။

“ဒီမနက်တော့ ကောင်းနေပြီလို့တော့ ပြောတယ်။ ည ၉ နာရီကျော်လောက်မှာ ဟိုဘက်ကမ်းကို ပို့လိုက်တာပေါ့” ဟု ဆရာတော်က မိန့်သည်။

မိုင်းဖုန်းဆရာတော်သည် ဇူလိုင်လ ၁၁ ရက်တွင် မိုင်းဖုန်း၌ ရှမ်းဘာသာဖြင့် တရားဟောနေသည့် ဗီဒီယိုကို ဆရာတော်တစ်ပါးက လူမှုကွန်ရက်ပေါ်တင်ခဲ့ကာ ထိုဗီဒီယိုတွင် ဆရာတော်ကြီးသည် မိုင်းဖုန်းတွင် ဆက်လက်အနားယူ၍ အဓိဌာန်ဝင်မည်ဟု မိန့်ကြားထားခဲ့ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *