MT News

Written by Nyein Kyaw

ကမ္ဘာ့ရွှေဈေး ဆက်လက်မြင့်တက်မှုကြောင့် ပြည်တွင်း၌ ရွှေဈေးနှင့် ဒေါ်လာဈေးနှုန်း ထပ်မံမြင့်တက်ခဲ့ပြီး ဇူလိုင်လ ၁၄ ရက်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၂၆၅,၀၀၀ အထိရှိကာ ဒေါ်လာဈေးနှုန်း ကျပ် ၃,၁၄၀ အထိ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ရွှေဈေးသည် ဇူလိုင်လ ၇ ရက်တွင် တစ်အောင်စကို ၁,၉၁၆ ဒေါ်လာသာရှိသော်လည်း ဇူလိုင်လ ၁၀ ရက်တွင် တစ်အောင်စကို ၁,၉၂၄ ဒေါ်လာ၊ ဇူလိုင်လ ၁၂ ရက်တွင် တစ်အောင်စကို ၁၉၃၆ ဒေါ်လာနှင့် ဇူလိုင်လ ၁၄ ရက်တွင် တစ်အောင်စကို ၁,၉၅၆ ဒေါ်လာအထိ ဆက်တိုက်မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းရွှေဈေးသည် ဇူလိုင်လ ၁၀ ရက်(တနင်္လာနေ့) တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၁၉၅,၀၀၀ သာရှိခဲ့ရာမှ ဇူလိုင်လ ၁၄ ရက် (ယနေ့)တွင် ရွှေအရောင်းဆိုင်များ၌ အခေါက်ရွှေတစ်ကျပ်သား ရောင်းဈေး ကျပ် ၃,၂၆၅,၀၀၀ ရှိပြီး ဝယ်ဈေး ကျပ် ၃,၂၆၀,၀၀၀ အထိ အရောင်းအဝယ်ပြုလုပ်နေ၍ ယခုတပတ်အတွင်း အခေါက်ရွှေတစ်ကျပ်သား ကျပ်ခုနစ်သောင်းခွဲခန့်အထိ မြင့်တက်ခဲ့သည်။

ထို့အတူ ဒေါ်လာဈေးနှုန်းသည်လည်း ဇူလိုင်လ ၁၀ ရက် (တနင်္လာနေ့)တွင် တစ်ဒေါ်လာ ၃,၀၆၅ ကျပ်သာ ရှိခဲ့သော်လည်း ဇူလိုင်လ ၁၂ ရက်တွင် တစ်‌ဒေါ်လာ ကျပ် ၃,၁၂၅ ကျပ်ဖြင့် ကျပ် ၃,၁၀၀ ကျော်သို့ မြင့်တက်ခဲ့ပြီး ဇူလိုင် ၁၄ ရက် (ယနေ့)တွင် တစ်ဒေါ်လာ ကျပ် ၃,၁၄၀ အထိမြင့်တက်ခဲ့ခြင်းဖြစ်သည်။

ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများသည် ဇူလိုင်လ ၁၀ ရက်တွင် ရွှေဈေးနှုန်း ၃,၂၄၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၀၆၅ ကျပ်၊ ဇူလိုင်လ ၁၁ ရက်တွင် ရွှေဈေးနှုန်း ၃,၂၁၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၁၀၀ ကျပ်၊ ဇူလိုင်လ ၁၂ ရက်တွင် ရွှေဈေးနှုန်း ၃,၂၄၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၁၂၅ ကျပ် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *