MT News

Written by Thettant

ယမန်နေ့ကကျရောက်ခဲ့သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဖွဲ့စည်းတည်ထောင်ခြင်း ၆၂ နှစ်မြောက်အထိမ်းအမှတ်နေ့သို့ NUG ၏ MOD က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။

KIO သည် ကချင်လူမျိုးများအပါအဝင် တိုင်းရင်းသားလူမျိုး ပြည်သူလူထုတစ်ရပ်လုံး၏ ဘုံလွတ်မြောက်ရေးကို ဦးထိပ်ထားလျက် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် နှစ်ပေါင်းများစွာ ရင်းနှီးပေးဆပ်အားထုတ် ကြိုးပမ်းခဲ့သည်ကို အလေးအမြတ်ပြုကြောင်း သဝဏ်လွှာ၌ ဖော်ပြခဲ့သည်။

အောက်တိုဘာ ၂၃ရက် ည ၈ နာရီခွဲခန့်တွင် ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန်းပါဒေသ၌ KIO ဖွဲ့စည်းတည်ထောင်ခြင်း အကြိုဂီတဖျော်ဖြေပွဲ ကျင်းပနေစဉ် တိုက်လေယာဉ်သုံးစီးဖြင့် လာရောက်ပစ်ခတ်ခဲ့၍ အပြစ်မဲ့ ပြည်သူများသေဆုံးထိခိုက် ဒဏ်ရာရခဲ့သည့် ဖြစ်စဉ်ကိုလည်း MOD အနေဖြင့်များစွာ ဝမ်းနည်းယူကြုံးမရ ဖြစ်ရကြောင်းနှင့် ကချင်တော်လှန်ရေးခရီး နှစ်ပေါင်း ၆၀ကျော်အတွင်း အသက်၊ သွေး၊ ချွေး၊ စည်းစိမ်များစွာ စွန့်လွှတ်ပေးဆပ်ခဲ့ကြသည့် ကချင်အမျိုးသားခေါင်းဆောင်ကြီးများနှင့် ရဲဘော်များ၊ ကချင်ပြည်သူများ အားလုံးကို လေးနက်ဂုဏ်ယူစွာ ဦးညွှတ်အလေးပြုကြောင်း ဖော်ပြထားသည်။

MOD အနေဖြင့်လည်း KIO အပါအဝင် တော်လှန်ရေးအင်အားစု အားလုံးနှင့် လက်တွဲလျက် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးနှင့် တိုင်းရင်းသား ပြည်သူများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တန်းတူရေးနှင့် တရားမျှတရေးတို့ကို အပြည့်အ၀ အာမခံသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် မဆုတ်မနစ် ကြိုးပမ်း ဆောင်ရွက်မည်ဖြစ်ကြောင်း ထပ်လောင်းကတိပြုအပ်သည်ဟု သဝဏ်လွှာ၌ ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *