ရန်ကုန် ရွှေအသင်းက ‌ေရာင်းချပေးသည့်ရွှေအား ဝယ်ယူသူတစ်ဦးကို တွေ့ရစဥ်

MT News

Written by Tha Doe

အပြည်ပြည်ဆိုင်ရာငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့(FATF) က မြန်မာနိုင်ငံအား Blacklist သွင်းလိုက်ပြီဟုဆိုကာ ရွှေနှင့်ဒေါ်လာစျေးများကို စျေးကွက်ပိတ်ရက်တွင် စျေးကစားသူများက အဆပေါင်းများစွာစျေးဆွဲတင်ခဲ့သော်လည်း စျေးကွက်ဖွင့်သည့် ယနေ့တွင်မူ ရွှေနှင့်ဒေါ်လာစျေးမှာ ​မူရင်းပုံမှန်စျေးကွက်အနီးသို့ ပြန်လည်ကျဆင်းလာခဲ့ကြောင်း သိရသည်။

“FATF က အရေးယူတယ်ဆိုပြီး စျေးကွက်ပိတ်ချိန် ညဘက်ကြီးမှာ ဒေါ်လာစျေးကို ၁၀၀၀ လောက် ညတွင်းချင်းဆွဲတင်တာ တချို့ဆို ၄၀၀၀ ကျော်တွေနဲ့ ဝယ်မိကြတာရှိတယ်။ ညနေပိုင်းကြတော့ ၅၀၀၀ တွေ ၆၀၀၀ တွေ ပါးစပ်တွေ့ရာလျှောက်ခေါ်ကြတော့ အဝယ်မရှိသလောက်ဖြစ်သွားတယ်။ ရွှေစျေးကလည်း အတူတူပဲ။ ၂၁ ရက်ညနေက ၂၅၈၀၀၀၀ ပဲ ရှိတာကနေ FATF အမည်ပျက်ဖြစ်သွားတာနဲ့ အရောင်းရပ်လို့ရပ် တစ်ကျပ်သား သိန်း ၃၀ ကျော်တွေ ရောင်းလို့ရောင်းနဲ့ ကမောက်ကမဖြစ်သွားတာပေါ့။ ဒါပေမဲ့ ဒေါ်လာစျေး ၄၅၀၀၊ ရွှေစျေး ၃၈ သိန်းမှာ ခံထားရတဲ့ပြည်သူတွေက ပါးစပ်ဖျားကနေ စျေးဆွဲတင်တာ အဝယ်မလိုက်တော့ မနေ့က ၂၇၃၀၀၀၀ လောက် ပြန်ကျလာတာပေါ့။ ဒီနေ့ကျတော့ ၂၆၂၀၀၀၀ လောက်အထိ ပြန်ကျလာတာဆိုတော့ FATF အရေးမယူခင် အောက်တိုဘာ ၂၁ ရက်ညကနဲ့ဆို ၄၀၀၀၀ လောက်ပဲ တက်တော့တဲ့သဘောပဲ။ ဒေါ်လာစျေးကလည်း ၂၉၅၀ နဲ့ ၃၁၀၀ လောက်ကြား ​ကြိုက်ရောင်းကြိုက်ဝယ်ဆိုတော့ ထူးပြီး တက်တဲ့အခြေအနေမျိုးတော့ မဟုတ်ဘူးပေါ့။ ခဏတော့ Shock ဖြစ်ပြီး လေပတ်ကားစျေးတွေ ဆွဲတင်ပေမဲ့ ပြည်သူကမဝယ်တော့ စျေးပြန်ကျကုန်တာပေါ့။ ပြည်သူတွေသာ ဝယ်ရင်တော့ စျေးတွေ မိုးထိုးနေအောင် ဆွဲတင်ကြမှာ” ဟု ရွှေနှင့်ဒေါ်လာစျေးကွက်လေ့လာသူလုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။

ပြည်တွင်းရွှေစျေးမှာ FATF အရေးမယူမီ အောက်တိုဘာ ၂၁ ရက်က အခေါက်ရွှေ တစ်ကျပ်သား ၂၅၈၀၀၀၀ ခန့်ဖြင့် စျေးကွက်ပိတ်ခဲ့ပြီးနောက် အောက်တိုဘာ ၂၂၊ ၂၃ ပိတ်ရက်များတွင် တစ်ကျပ်သား သိန်း ၃၀ ခန့်အထိ စျေးဆွဲတင်ခဲ့သော်လည်း ဝယ်သူနည်းပါးသဖြင့် အောက်တိုဘာ ၂၄ ရက်တွင် ကျပ် ၂၇၄၀၀၀၀ ခန့် စျေးကွက်ပေါက်စျေးဖြစ်ကာ အောက်တိုဘာ ၂၅ ရက်စျေးကွက်ဖွင့်ချိန်တွင် တစ်ကျပ်သား ၂၆၆၅၀၀၀ ဝန်းကျင်ရှိကာ စျေးကွက်ပိတ်ချိန်တွင်မူ တစ်ကျပ်သား ၂၆၂၀၀၀၀ ခန့် ပြန်လည်ကျဆင်းခဲ့သည်။

ထို့အတူ ဒေါ်လာမှာလည်း အောက်တိုဘာ ၂၁ ရက်ညနေက တစ်ဒေါ်လာ ၂၉၀၀ ခန့်မှ ၂၂ ရက်တွင် တစ်ဒေါ်လာ ၃၅၀၀ မှ ၄၂၀၀ ခန့်အထိ အရောင်းအဝယ်ဖြစ်ကာ လေပတ်ကားစျေးတွင်လည်း ကျပ် ၆၀၀၀ အထိ ဆွဲတင်ခဲ့သော်လည်း အောက်တိုဘာ ၂၅ ရက်စျေးကွက်ဖွင့်ချိန်တွင်မူ ကျပ် ၂၉၅၀ မှ ၃၀၅၀ ခန့်ဖြင့် စျေးကွက်ပေါက်စျေးဖြစ်ခဲ့ပြီး ယခင်ရက်က ဆွဲတင်ထားသည့်စျေးများထက် ပုံမှန်နှုန်းဖြင့်သာ အရောင်းအဝယ်ဖြစ်ပေါ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *