MT News
Written by Nay Aung
မြန်မာနိုင်ငံသည် အာဆီယံဒေသတွင်းနိုင်ငံများအနက် ကုန်သွယ်မှု လွယ်ကူချောမွေ့ရေး Trade Facilitation အညွှန်းကိန်းအဆင့်သတ်မှတ်ချက်၌ အောက်ဆုံးနားတွင် ရပ်တည်နေကြောင်း အာရှတိုက်နှင့် ပစိဖိတ်ဒေသဆိုင်ရာကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကော်မရှင် (UNESCAP)၏ ထုတ်ပြန်ချက်များအရ သိရသည်။
UNESCAP အဖွဲ့သည် ပြီးခဲ့သောရက်ပိုင်းတွင် ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာတဝှမ်းရှိ နိုင်ငံပေါင်း ၁၆၀ ကျော်ကို အမှတ်ပေးကာ အဆင့်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကုန်သွယ်မှု လွယ်ကူချောမွေ့ရေး အညွှန်းကိန်းအဆင့်သတ်မှတ်ရာတွင် ပွင့်လင်းမြင်သာမှု၊ လုပ်ထုံး လုပ်နည်း၊ အဖွဲ့အစည်းဆိုင်ရာ အစီအမံများနှင့် ပူးပေါင်းဆောင်ရွက်မှု၊ နယ်စပ်ဖြတ်ကျော်လုပ်ကိုင်သော ကုန်သွယ်ရေးလုပ်ငန်းနှင့် တရားဝင်စာရွက်စာတမ်းမရှိသော ကုန်သွယ်မှုလုပ်ငန်းများကို အမှတ်ပေးကာ ညွှန်းကိန်းအဆင့်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း UNESCAP အဖွဲ့က သတင်းထုတ်ပြန်ထားသည်။
၂၀၂၃ ခုနှစ်အတွက် ကုန်သွယ်မှု လွယ်ကူချောမွေ့ရေး အညွှန်းကိန်းအဆင့်သတ်မှတ်ချက်တွင် မြန်မာနိုင်ငံက ရမှတ်ပေါင်း ၆၁ ဒသမ ၂၉ မှတ်ရရှိခဲ့ကာ အာဆီယံဒေသတွင်း နိုင်ငံများထဲတွင် အဆင့် ၉ နေရာ ရပ်တည်နေပြီးအရှေ့တီမောနိုင်ငံက အဆင့် ၁၀ နေရာရပ်တည်နေသည်။
မြန်မာနိုင်ငံသည် ပွင့်လင်းမြင်သာမှုတွင် ၇၄ ဒသမ ၃၃ ရာခိုင်နှုန်း၊ လုပ်ထုံးလုပ်နည်းပိုင်းတွင် ၆၂ ဒသမ ၅ ရာခိုင်နှုန်း၊ အဖွဲ့အစည်းဆိုင်ရာ အစီအမံများနှင့် ပူးပေါင်းဆောင်ရွက်မှုပိုင်းတွင် ၃၃ ဒသမ ၃၃ ရာခိုင်နှုန်း၊ နယ်စပ်ဖြတ်ကျော်လုပ်ကိုင်သော ကုန်သွယ်ရေးလုပ်ငန်းတွင် ၅၅ ဒသမ ၅၆ ရာခိုင်နှုန်း၊ Paperless Trade တရားဝင်စာရွက်စာတမ်းမရှိသော ကုန်သွယ်မှုတွင် ၆၆ ဒသမ ၆၇ ရာခိုင်နှုန်း ရှိခဲ့ကြောင်း UNESCAP အဖွဲ့ကပြောသည်။
အာဆီယံနိုင်ငံများအနက် ကုန်သွယ်မှု လွယ်ကူချောမွေ့ရေး အညွှန်းကိန်းအဆင့်သတ်မှတ်ချက်တွင် စင်ကာပူနိုင်ငံက ရမှတ် ၉၆ ဒသမ ၇၇ ၊ မလေးရှားနှင့် အင်ဒိုနီးရှား နိုင်ငံတို့က ရမှတ်ပေါင်း ၈၇ ဒသမ ၁ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံက ရမှတ်ပေါင်း ၈၄ ဒသမ ၉၅ ရာခိုင်နှုန်း၊ ဘရူးနိုင်းနိုင်ငံက ရမှတ်ပေါင်း ၇၈ ဒသမ ၄၉ ရာခိုင်နှုန်း၊ဗီယက်နမ်က ၇၄ ဒသမ ၁၉ရာ ခိုင်နှုန်း၊ လာအိုနိုင်ငံက ၆၇ ဒသမ ၇၄ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံက ရမှတ်ပေါင်း ၆၁ ဒသမ ၂၉ ရာခိုင်နှုန်း၊ အရှေ့တီမောနိုင်ငံက ရမှတ်ပေါင်း ၃၀ ဒသမ ၁၁ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားနိုင်ငံက ရမှတ်ပေါင်း ၈၀ ဒသမ ၆၅ ရာခိုင်နှုန်း ရှိခဲ့ကြောင်း UNESCAP အဖွဲ့က ပြောသည်။
Ref– untfsurvey
