သေနတ်အတုဖြင့် လုယက်ခံရသောဖုန်းဆိုင်ကို တွေ့ရစဥ်

MT News

Written by Naing Thuta

ဖုန်းအဟောင်းဆိုင်တစ်ခုအား နေ့ခင်းကြောင်တောင် ပစ္စတိုသေနတ်အတုဖြင့် ခြိမ်းခြောက်ဓားပြတိုက်မှု မန္တလေးမြို့တွင် အောက်တိုဘာ ၂၅ ရက်က ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် (၁) ရပ်ကွက်၊ ၆၈ လမ်း၊ ၃၈×၃၉ ကြားရှိ “နီနီ (Ni Ni)” (အာမခံ) ဖုန်းအဟောင်း( Mobile Second Shop) အရောင်း၊ အဝယ်၊ အလဲ၊ အထပ်” ဆိုင်သို့ အမျိုးသားတစ်ဦး ပစ္စတိုသေနတ်အတုဖြင့်ရောက်လာပြီး ခြိမ်းခြောက် လုယက်မှု အောက်တိုဘာ ၂၅ ရက်နေ့ နေ့လည် ၁၁ နာရီကျော်လောက်က ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်း သိရသည်။

” နေ့လည် ၁၁ ခွဲလောက်က ဆိုင်ကယ် 125 အနက်ရောင်နဲ့ အမျိုးသားတစ်ဦးဆိုင်ကိုရောက်လာပြီး ဖုန်းဝယ်မယ်ပြောလို့ Redmi Not 10X တစ်လုံးကို ထုတ်ပေးလိုက်တာ။ သူကဖုန်းကိုယူကြည့်ပြီးတော့ သူ့ပိုက်ဆံအိတ်ကို ကောင်တာပေါ်ပစ်တင်လိုက်တယ်။ အဲဒီအထဲမှာ မိုင်းပါတယ်လို့ ပြောပြီး ဘောင်းဘီထဲက ပစ္စတိုသေနတ်တစ်လက်ကိုထုတ်လိုက်ပြီး ပစ်လိုက်ရမလားလို့ချိန်းခြောက်ပြီး ဖုန်းယူ ဆိုင်ထဲကနေ ထွက်သွားတယ်။ တော်သေးတယ်။ ဆိုင်ကလူတွေက သူ့သေနတ်ကို မသင်္ကာလို့ နောက်ကလိုက် ဝိုင်းဖမ်းလိုက်တာ မိသွားတယ်။ အဲဒါနဲ့ ရဲကို ဖုန်းဆက်အကြောင်းကြားလိုက်ပြီး အဲဒီကောင်ကို ရဲလက်ထဲ အပ်လိုက်တယ်” ဟု ဆိုင်ရှင်က ဆိုထားသည်။

အဆိုပါသေနတ်တုဖြင့် ချိန်းခြောက်လုယက်သူသည် ပြင်ဦးလွင်မြို့နယ် ဇင်ပင်ကြီးကျေးရွာတွင် နေထိုင်သူဖြစ်ပြီး အသက် ၃၀ ဝန်းကျင်ခန့်ရှိကြောင်းနှင့် ၎င်းကို အမှတ် (၉) ရဲစခန်းတွင် ဖမ်းဆီးထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *