လူ ၉ ဦးက ဓားပြတိုက်ခဲ့သော အောင်ဇေဖုန်းဆိုင်အား တွေ့ရစဥ်

MT News

Written by Naing Thuta

မန္တလေးတွင် ယနေ့ နေ့ခင်းကြောင်တောင်အချိန် ၂ နာရီခန့်က ဖုန်းဆိုင်တစ်ဆိုင်အား လူ ၉ ဦးက ဓားပြတိုက်ခဲ့ပြီး ဆိုင်ရှိဖုန်းအကုန် ကျပ် သိန်း ၇၀၀ ကျော်ဖိုး လုယက်မှု ချမ်းမြသာစည်မြို့နယ်၌ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၅ ရက်နေ့၊ နေ့လည် ၂ နာရီကျော်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ ၈၃x၈၄လမ်းကြား၊ ဦးပွားဂုံးကျော်အနောက်ဘက်၊ စစ်ကိုင်း-မန္တလေးခွဲလမ်းမပေါ်ရှိ “အောင်ဇေ” Second ဖုန်း ရောင်းဝယ်ရေးဆိုင်၌ အရောင်းဝန်ထမ်း ၃ ဦးသာရှိနေစဥ် လူ ၉ ဦးတို့မှ ဆိုင်ကယ် ၃ စီးဖြင့် မက်စ်များ အသီးသီးတပ်ဆင်ထားကာ ပစ္စတို(ကော်သေနတ်) ၁ လက်၊ ဓါးမြှောင် ၁ ချောင်းတို့ဖြင့် ကိုင်ဆောင်ရောက်ရှိလာခဲ့ပြီး ဆိုင်ဝန်ထမ်း ၁ ဦးအား လက်သီးနှင့်ထိုး သေနတ်ဖြင့်ချိန်ကာ ဆိုင်ဝန်ထမ်းများအား မှောက်ခိုင်းထားပြီး ဆိုင်အတွင်းရှိ ကောင်တာများတွင် ထည့်ထားသောဖုန်းများအား ယူဆောင်သွားကြောင်း ဆိုင်ပိုင်ရှင်နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

” နေ့လည်က သေနတ်တုပြပြီး ဓားပြတိုက်သွားတာ ဟုတ်တယ်။ လူ ၉ ဦးက ဆိုင်ကယ် ၃ စီးနဲ့ ရောက်လာပြီး ပစ္စတိုသေနတ်တုတစ်လက်နဲ့ ​ဓားမြှောင် တစ်ချောင်းပြပြီး ဆိုင်က ဝန်ထမ်းကို ထိုးပြီး ကောင်တာမှာရှိတဲ့ ဖုန်း ၁၀၅ လုံးနဲ့ ငွေသားအချို့ကို ယူပြီး ဓားပြတိုက်သွားတာပါ။ ဆိုင်က ဝန်ထမ်းတွေတော့ ဘာမှမဖြစ်သွားလို့ တော်သေးတယ်။ သူတို့အဖွဲ့ထဲက လူတစ်ယောက်က ပစ္စတို(ကော်သေနတ်)သေနတ်ကို ဆိုင်ထဲ ပစ်ပေါက်ထွက်ပြေးသွားခဲ့တယ်။ အဲဒီသေနတ်တုကို သက်ဆိုင်ရာကို အပ်လိုက်ပြီ ။ ပြီးတော့ အဲ့လူတွေက မက်စ်တပ်ထားတော့ ဘယ်သူ ဘယ်ဝါဆိုတာလည်း မသိလိုက်ဘူး။ သူတို့ဘက်က လူကများတော့ ဆိုင်က ဝန်းထမ်းတွေကလည်း လန့်ပြီး သူတို့မှောက်ခိုင်းတဲ့အတိုင်းမှောက်နေတော့ သူတို့ကို သေချာမမှတ်မိလိုက်ဘူးပေါ့” ဟု ၎င်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါဖုန်းဆိုင်မှ နှစ်သိန်းကျော်တန်အထက် တန်ဖိုးရှိသော ဖုန်းအလုံးရေ ၁၀၅ လုံးကျော်ခန့်နှင့် ငွေကောင်တာအတွင်းမှ ငွေ ၃၉ သိန်း၊ စုစုပေါင်း တန်ဖိုး သိန်း ၇၀၀ ကျော် ဓားပြတိုက်ယူဆောင်သွားခဲ့ကြောင်းနှင့် လုယက်သွားသည့် တရားခံများအား ဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့ဝင်များမှ စုံစမ်းဆောင်ရွက်လျှက်ရှိကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။

အလားတူ ယနေ့ နေ့လည်ကလည်း မဟာအောင်မြေမြို့နယ်၊ ၆၉လမ်း၊ ၃၈လမ်းနှင့် ၃၉လမ်းကြားရှိ Ni Ni ဖုန်းဆိုင်လည်း သေနတ်အတုဖြင့် ဓါးပြတိုက်မှုဖြစ်ပွားခဲ့ကာ အနီးဝန်းကျင်က ဝိုင်းဝန်းဖမ်းဆီးပေးခဲ့၍ တရားခံအား ဖမ်းမိခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *