April 29, 2024

၃. ၇. ၂၀၂၃
Written by Phyo Wei

မာရဝိယဇရုပ်ပွားတော်မြတ်ကြီးအတွက် ကျပ် ၁၇ ဘီလျံလောက် လုပ်ငန်းရှင်ကြီးတွေ ဝိုင်းဝန်းလှုဒါန်းခဲ့ချိန်မှာ တွေ့မြင်ရတာကတော့ အရင်တုန်းက ပျောက်နေတဲ့ နိုင်ငံ့ထိပ်တန်း တိုင်ကွန်းသူဌေးကြီးအများစုက ကိုယ်တိုင်တက်ရောက်လှုဒါန်းခဲ့ကြတဲ့ မြင်ကွင်းဟာလည်း စကားပြောတဲ့ နိုင်ငံရေးအခင်းအကျင်းတစ်ခုရဲ့ ထောက်ခံမှုအပြောင်းအလဲရှုခင်းကို အထင်းသားမြင်လာနေရပြီလို့ ဆိုရမှာပါ။ ဒါ့အပြင် NUG က အိန္ဒိယကို မြန်မာအစိုးရနဲ့ မထိတွေ့ဖို့ တောင်းဆိုနေတဲ့ကြားက မြန်မာ့တပ်မတော်သူနာပြု ၂၈ ဦးကိုပါ အိန္ဒိယတပ်မတော်က လေ့ကျင့်သင်ကြားပေးပြီး အောင်လက်မှတ်ပါချီးမြှင့်တဲ့အဖြစ်ဟာ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြားက ဆက်ဆံရေးခိုင်မြဲမှုအပြင် NUG ဟာ အိမ်နီးချင်းနိုင်ငံတွေရဲ့ မျက်နှာစာမှာ နေရာမရမှုကိုပါ ဖော်ပြလိုက်တာပဲလို့ သုံးသပ်ရမဲ့ ဒီတစ်ပတ်ရဲ့ သုံးသပ်ချက်အဖြစ်တော့ အိန္ဒိယနဲ့ မြန်မာနိုင်ငံကြားမှာ တစ်ဖက်နိုင်ငံကို အန္တရာယ်ပြုနိုင်သူတွေ လက်မခံဖို့ သဘောတူခဲ့တဲ့အကြောင်း၊ ထိုင်း-မြန်မာနယ်စပ်က ဒုစရိုက်ဇုန် ၁၇ ဇုန်အကြောင်း အမေရိကန်ဖွင့်ဟလာတာနဲ့ တရုတ်တပ်မတော်သားတွေလိုက်ပါလာတဲ့ ယာဉ်တန်းကို KIA ပစ်ခတ်တဲ့အကြောင်းတွေကို တင်ပြချင်ပါတယ်။

“တစ်ဖက်နိုင်ငံအန္တရာယ်ပြုမဲ့သူတွေ နိုင်ငံ့မြေမသုံးစေဖို့ အတည်ပြုတဲ့ မြန်မာ-အိန္ဒိယ”

အိန္ဒိယနဲ့ မြန်မာနိုင်ငံကြားမှာ တစ်ဖက်နိုင်ငံကို အန္တရာယ်ဖြစ်စေမဲ့သူတွေကို နိုင်ငံ့နယ်နမိတ်အသုံးချခွင့်မပေးဖို့ ထပ်မံအတည်ပြုလိုက်ပြီဖြစ်ပြီး ဒီလိုအတည်ပြုမှုအတွက်တော့ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် Giridhar Aramane ဟာ မြန်မာနိုင်ငံကို ဇွန်လ ၃၀ ကနေ ဇူလိုင်လ ၁ ရက်နေ့အထိ လာရောက်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပြင် နစကတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးအပြီးမှာ အတည်ပြုခဲ့တာပါ။

ဒီဖြစ်စဉ်ရဲ့ အစဟာ အိန္ဒိယနိုင်ငံသားသုံးဦးကို ချင်း PDF အဖွဲ့တွေက မြန်မာနိုင်ငံဘက်ခြမ်းမှာ သတ်ဖြတ်မီးရှို့လိုက်တဲ့ဖြစ်စဉ်ကစပြီး အိန္ဒိယနိုင်ငံဘက်မှာ မြန်မာနိုင်ငံသားတွေကို လက်မခံဖို့ ဆန္ဒပြမှုတွေ တိုက်ခိုက်မှုတွေပါ ရှိလာခဲ့တာပါ။ ဒီလိုမျိုး အိန္ဒိယနိုင်ငံသားသုံးဦးကို သတ်တဲ့သူတွေက ပခုက္ကူက PDF အဝယ်တော်ထောက်ပို့နဲ့ မင်းတပ်က ဆလိုင်းအောင်လိန်းပါ။ အများစုက ပခုက္ကူဘက်က PDF နဲ့ CDF က PDF က သတ်တာလို့ ဝေဖန်ကြပေမဲ့လည်း CDF(Chinland Defence Force) ကတော့ ဆလိုင်းအောင်လိန်းဟာ သူ့တပ်ဖွဲ့ဝင်မဟုတ်ဘူးငြင်းတဲ့အပြင် အိန္ဒိယနိုင်ငံသားသုံးဦးကို သတ်တဲ့ PDF နှစ်ယောက်ကို CDF က ဧပြီ ၁၉ မှာ ဖမ်းလိုက်ပါတယ်။ ဒီလိုဖမ်းထားတယ် ထုတ်ပြန်ပြီးကတည်းက ဒီဖြစ်စဉ်ဟာ ပျောက်သွားခဲ့ပြီး အသတ်ခံရတဲ့ အိန္ဒိယနိုင်ငံသားသုံးဦးအတွက် ထိုက်တန်တဲ့ တရားမျှတမှုမရဘူးလို့ အိန္ဒိယပြည်သူတွေ တွေးထင်လာချိန်မှာ မြန်မာဘက်က သာမန်ပြည်သူတွေ စစ်ဘေးရှောင်တွေဟာ အိန္ဒိယနိုင်ငံသားတချို့ရဲ့ တိုက်ခိုက်မှုတွေနဲ့ ကြုံလာရတာပါ။ လက်ရှိမှာတော့ အိန္ဒိယနဲ့ မြန်မာအကြားမှာ တစ်ဖက်နိုင်ငံအန္တရာယ်ပြုမဲ့သူတွေ နိုင်ငံ့မြေမသုံးစေဖို့ အတည်ပြုမှုမှာ ထိခိုက်မှာကတော့ ချင်း PDF တွေပါပဲ။ သူတို့ဟာ နယ်စပ်မျဉ်းမှာနေပြီး တပ်မတော်က လာတိုက်ခိုက်ရင် တစ်ဖက်နိုင်ငံထဲဝင်ပြေးပြီး အရပ်သားဟန်ဆောင်တာမျိုး လုပ်နိုင်ခဲ့တာမျိုးတွေ ဆုံးရှုံးမဲ့အခြေအနေဖြစ်လာပြီလား စောင့်ကြည့်ရတော့မှာပါ။

“ထိုင်း-မြန်မာနယ်စပ်က ဒုစရိုက် ၁၇ ဇုန်”

ထိုင်း-မြန်မာနယ်စပ်မှာ ဒုစရိုက်ဇုန် ၁၇ ဇုန်ထက်မနည်းရှိနေတယ်လို့ အမေရိကန်အခြေစိုက် ငြိမ်းချမ်းရေးအင်စတီကျူ USIP အဖွဲ့က ပြောလာပါတယ်။ မြန်မာဘက်ခြမ်းမှာ KNU က ကြီးစိုးထိန်းချုပ်ထားတဲ့ သူ့ရဲ့ မြို့သစ်စီမံကိန်းနဲ့ BGF ကလည်း NLD လက်ထက်မှာ အကောင်အထည်ပေါ်လာတဲ့ သူ့ရဲ့ ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်း စတဲ့ နေရာတွေမှာ တရုတ်ဒုစရိုက်လုပ်ငန်းရှင်တချို့က အွန်လိုင်းလိမ်လည်မှုတွေ လုပ်ဆောင်နေတာပါ။

ဒီနေရာမှာ သတိချပ်ရမှာတော့ ထိုင်း-မြန်မာနယ်စပ်လိုင်းဟာ အမေရိကန်ရဲ့ ထောက်ပံ့မှုနဲ့ ကြီးစိုးနေတဲ့ NUG ရဲ့ လက်နက်ကိုင်တွေ၊ KNU လို လက်နက်ကိုင်တွေ၊ ကယားပြည်နယ်ဘက်ဆိုရင်လည်း Free Burma Ranger ပံ့ပိုးမှုနဲ့ ကယားလက်နက်ကိုင်တွေ ကြီးစိုးရာဖြစ်ပြီး ဒီနေရာတွေမှာပဲ ဒုစရိုက်ဇုန်ဖြစ်နေတာပါ။ အရေးအကြီးဆုံးအချက်ကတော့ ဒီတရုတ်ရာဇဝတ်ဂိုဏ်းတွေဆီမှာ လူကုန်ကူးခံရတာက ထိုင်းနိုင်ငံဘက်ကနေ ကူးခံရတာဖြစ်နေပြီး တရုတ်ရာဇဝတ်ဂိုဏ်းတွေရဲ့ ကျွန်ပြုခံနေရသူအားလုံးလိုလိုဟာ ထိုင်းနိုင်ငံမှာ အလုပ်ရမယ်လို့ အွန်လိုင်းကနေ ဆွယ်တာကို ယုံရာက မြန်မာဘက်ခြမ်းပို့ပြီး ကျွန်ပြုခံကြရတာပါ။

အဲဒီ့အတွက် မြန်မာအစိုးရဘက်က လုပ်ပေးနိုင်တာတစ်ခုကတော့ နယ်စပ်ဒေသတွေကို ပြည်ပနိုင်ငံသားတွေ သွားလာခွင့်ပိတ်တာတစ်ခုပဲရှိပြီး ကျန်တာတွေကတော့ ထိုင်းနိုင်ငံဘက်က လူကုန်ကူးမှုတွေနဲ့ အမေရိကန်လို Free Burma Ranger လို လက်နက်ကိုင်တွေ ထိန်းချုပ်ခံ EAOs တွေကပဲ သူတို့ကြီးစိုးရာနေရာဟာ ဒုစရိုက်ဇုန်ပါလို့ ကမ္ဘာ့မျက်နှာစာမှာ အပြောခံနေရတာကို ပပျောက်အောင် လုပ်ရမှာပါ။ ဒုစရိုက်ဇုန်တွေကို EAOs တွေက လက်ခံထားတာနဲ့အမျှ သူတို့ဟာလည်း ဒုစရိုက်သမားတွေပါပဲ။ ဒီဒုစရိုက်သမားတွေဆီကငွေနဲ့ ရပ်တည်တိုက်ခိုက်နေတာပဲလို့ ကမ္ဘာက မြင်လာနေတာကိုတော့ EAOs တွေလည်း လက်ခံချင်မယ် မထင်ပါဘူး။

“တရုတ်တပ်မတော်သားတွေကို ပစ်ခတ်တဲ့ KIA”

ဇွန်လ ၂၇ ရက်မှာ တရုတ်နိုင်ငံက ကောင်စစ်ဝန်တစ်ဦးပါဝင်တဲ့အဖွဲ့ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို နန်ကျင်စီးပွားရေးဇုန်အတွက် ဆွေးနွေးဖို့ထွက်ခွာလာချိန် ပစ်ခတ်ခံရပြီး ဒီလိုပစ်ခတ်တဲ့အဖွဲ့ကလည်း နယ်ခြားစောင့်တပ်ဖြစ်တယ်လို့ သတင်းမီဒီယာအချို့က မှားယွင်းစွပ်စွဲခဲ့တဲ့ ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။ တကယ်တမ်းကျတော့ ဒီလို ပစ်ခတ်ခံရတဲ့ဖြစ်စဉ်က ယာဉ်တန်းမှာ ပါဝင်သူတွေဟာ တရုတ်နိုင်ငံက ကောင်စစ်ဝန်လည်းမဟုတ်၊ နန်ကျင်စီးပွားရေးဇုန်အတွက်လည်း မဟုတ်ဘဲ နယ်ခြားဒေသမှာ တပ်မတော်အချင်းချင်း လစဥ်ပုံမှန်ဆွေးနွေးပွဲရှိပြီး ဒီလိုဆွေးနွေးပွဲတွေကို မြန်မာနိုင်ငံမှာတစ်လှည့်၊ တရုတ်နိုင်ငံမှာ တစ်လှည့်ဆွေးနွေးကြတဲ့အတွက် မြန်မာနိုင်ငံဘက်ကို တရုတ်တပ်မတော်တာဝန်ရှိသူတွေ လာဆွေးနွေးချိန်မှာ KIA ဘက်က ပစ်ခတ်ကြတာပါ။

“ဒီဆွေးနွေးပွဲတက်ရောက်ဖို့ တရုတ်နိုင်ငံက တပ်မတော်ဆိုင်ရာကိုယ်စားလှယ်များ မြန်မာနိုင်ငံကို လာရောက်ခဲ့တာရှိပါတယ်။ ဇွန်လ ၂၇ ရက် မနက်ပိုင်းမှာ လာရောက်ခဲ့တယ်။ ကန်ပိုင်တည်ဘက်ကနေ လာခဲ့တာဖြစ်ပါတယ်။ အဲဒီမှာ တပ်မတော်နဲ့ နယ်ခြားစောင့်တပ်က လုံခြုံရေးတပ်ဖွဲ့တွေက သွားရောက်ကြိုဆိုခဲ့တာရှိပါတယ်။ အဲဒီအထဲကမှ နယ်ခြားစောင့်တပ်ရဲ့ ရှေ့ပြေးဒုတိယယာဥ်က ၁၃ ကီလိုမီတာအကွာလောက်မှာ လက်နက်ငယ်နဲ့ ငါးချက်ပစ်ခတ်ခံရပါတယ်။ ထိခိုက်ဒဏ်ရာရမှုမရှိပါဘူး။ လက်နက်ငယ်နဲ့ငါးချက်ပစ်ခတ်ခံရတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အဲဒီဘေးတစ်နေရာမှာ လုံခြုံရေးအရ လုံခြုံမှုရအောင် ဆောင်ရွက်ခဲ့တာရှိပါတယ်။ အဲဒီနေရာမှာ ပြန်လည် လုံခြုံမှုရအောင်လုပ်ပြီးတဲ့အခါမှာ အဲဒီယာဥ်တန်းက မြစ်ကြီးနားကို ပြန်လည်ထွက်ခွာလာခဲ့တယ်။ ပြီးတော့ မူလအစီအစဥ်တိုင်းပဲ နှစ်ဖက်တွေ့ဆုံပြီး အစည်းအဝေးများပြုလုပ်ခဲ့တာရှိပါတယ်။ အောင်မြင်စွာပြီးဆုံးသွားပါတယ်။ တရုတ်နိုင်ငံက တပ်မတော်ကိုယ်စားလှယ်အဖွဲ့များလည်း ပြည်ပသို့ ပြန်လည်ထွက်ခွာခဲ့ပြီဖြစ်ပါတယ်။ ပစ်ခတ်တဲ့အဖွဲ့က KIA အဖွဲ့ဆိုတာ အတည်ပြုလို့ရပါတယ်”လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

အဲဒီလို ပစ်ခတ်အပြီးမှာ တရုတ်နဲ့ မြန်မာနိုင်ငံအကြား၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးပျက်ပြားအောင် ပြည်ပအခြေစိုက် သတင်းဌာနတွေက သတင်းမှားတွေနဲ့ သွေးထိုးခဲ့ကြပေမဲ့လည်း နောက်ဆုံးမှာတော့ ပစ်ခတ်တာက KIA၊ ပစ်ခတ်ခံရတာက တရုတ်တပ်မတော်ကပုဂ္ဂိုလ်တွေဆိုတာ ဖုံးမရ ဖိမရပေါ်လာချိန်မှာတော့ တရုတ်ရဲ့ ဩဇာမကင်းတဲ့ KIA ဟာ မှားယွင်းပစ်ခတ်တဲ့ သူ့တပ်ကလူတွေကို အရေးယူရသလို တရုတ်ကို အားပြုနေရတဲ့ AA၊ MNDAA၊ TNLA အဖွဲ့တွေကလည်း ဒီလိုမျိုး မှားပစ်မိတာတွေ မဖြစ်ဖို့အတွက် အရေးပေါ်စာထုတ်ပြီး သူ့လူသူ ကန့်သတ်ကြတာကိုလည်း တွေ့ခဲ့ရသလို တိုင်းရင်းသား EAOs တွေဟာ တရုတ်ကို မှီခိုခယနေကြရပြီး တရုတ်စိတ်ဆိုးမှာ အင်မတန်ကြောက်ရွံ့ကြတဲ့ ဖြစ်အင်တွေလည်း တွေ့ခဲ့ရပါတယ်လို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *