၄. ၇. ၂၀၂၃
Written by Tha Doe

ပြည်သူ့ရေးရာစီမံအုပ်ချုပ်မှုကဏ္ဍမှာ မြန်မာအမျိုးသမီးများရဲ့ စွမ်းဆောင်ရည်များစွာ တိုးတက် မြင့်မားလာပြီး ကျား၊ မ ရေးရာတန်းတူ ညီမျှမှုရှိနေပြီလို့ SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇူလိုင် ၃ ရက်မှာ ကျရောက်တဲ့ ၂၀၂၃ ခုနှစ် မြန်မာအမျိုးသမီးများနေ့အခမ်းအနားဆီ ပေးပို့တဲ့ မိန့်ခွန်းမှာ ဖော်ပြထားပါတယ်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ရဲ့ ၂၀၂၂ ခုနှစ် ကိန်းဂဏန်းအရ အစိုးရဌာနများမှာ အမျိုးသမီးပါဝင်မှုနှုန်းအနေနဲ့ ညွှန်ကြားရေးမှူးချုပ်အဆင့်မှာ ၂၆ ဒသမ ၂ ရာခိုင်နှုန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် အဆင့်မှာ ၄၃ ဒသမ ၃ ရာခိုင်နှုန်း၊ ညွှန်ကြားရေးမှူးအဆင့်မှာ ၅၂ ဒသမ ၆ ရာခိုင်နှုန်း၊ ဒုတိယညွှန်ကြားရေးမှူးအဆင့်မှာ ၅၆ ဒသမ ၆ ရာခိုင်နှုန်း၊ လက်ထောက်ညွှန်ကြားရေးမှူးအဆင့်မှာ ၅၇ ရာခိုင်နှုန်း ရှိကြောင်း သိရပါတယ်။ ဒါကိုကြည့်ရင် ပြည်သူ့ရေးရာစီမံအုပ်ချုပ်မှု ကဏ္ဍမှာ မြန်မာအမျိုးသမီးများရဲ့ စွမ်းဆောင်ရည်များစွာ တိုးတက် မြင့်မားလာပြီး ကျား၊ မ ရေးရာတန်းတူ ညီမျှမှုရှိနေတာကို တွေ့ရမှာ ဖြစ်တယ်လို့ SAC ဥက္ကဋ္ဌက ပြောကြားပါတယ်။

ဒါပေမဲ့ ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း အနှစ်ချုပ် အစီရင်ခံစာအရ အသက် ၁၅ နှစ်နဲ့အထက် အမျိုးသမီးစာတတ်မြောက်မှုနှုန်းကတော့ အမျိုးသားစာတတ်မြောက်မှုနှုန်းထက် ၆ ရာခိုင်နှုန်းခန့်လျော့နည်းပြီး အသက် ၁၅ နှစ်နဲ့အထက် လူဦးရေရဲ့ လုပ်သား အင်အားပါဝင်မှုနှုန်းမှာလည်း အမျိုးသမီးလုပ်သားအင်အား ပါဝင်မှုနှုန်းဟာ အမျိုးသားလုပ်သားအင်အား ပါဝင်မှုနှုန်းထက် အနည်းငယ် လျော့နည်းနေတာတွေ့ရပါတယ်။ ဒီကိန်းဂဏန်းအချက်အလက်တွေအရ အမျိုးသမီးများ‌ အထူးသဖြင့် အမျိုးသမီးငယ်ရွယ်များရဲ့ လူမှုစီးပွား ဘဝအခြေအနေမြင့်မားရေးအတွက် ပညာသင်ကြား တတ်မြောက်ရေးကို မြှင့်တင်ပေးဖို့လိုပြီး အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက် ကောင်းမွန်စေရေးအတွက် အလုပ်လုပ်ကိုင်နိုင်တဲ့အရွယ်ရှိ အမျိုးသမီး များရဲ့ အလုပ်လုပ်နိုင်တဲ့ စွမ်းရည်များ ကျွမ်းကျင်ပိုင်နိုင်နေဖို့ လိုအပ်ကြောင်း တွေ့ရှိရပါတယ်။

“ကျွန်တော်တို့ အစိုးရအနေနဲ့ ပညာသင်ကြားသူလူငယ်များ အားလုံး KG+9 အဆင့်ထိ ပညာသင်ကြားနိုင်ရေး အထူးအလေးထား ဆောင်ရွက်နေတာဖြစ်လို့ အကျုံးဝင်သူ အမျိုးသမီးများအားလုံး KG+9 အဆင့်ထိ ပညာသင်ကြားပြီးစီးရေး ဝိုင်းဝန်းကူညီဆောင်ရွက် ပေးစေလိုပါတယ်။ စာတတ်မြောက်မှုနဲ့ ပညာအရည်အချင်းတို့ဟာ အလုပ်အကိုင် အခွင့်အလမ်းနဲ့ ဆက်စပ်နေတဲ့အတွက် အမျိုးသမီးများကို ခေတ်မီ ပညာရေးနဲ့ ခေတ်မီနည်းပညာများ သင်ကြားရာမှာ ယခုထက် ပိုမို အားပေးဖို့လိုသလို စာတတ်မြောက်ရေးနဲ့ ပညာရေးပြီးဆုံးမှုတို့ မြင့်မားအောင် ကြိုးပမ်းဆောင်ရွက်သွားဖို့လည်း လိုအပ်ပါတယ်။ တစ်ဖက်ကလည်း ပညာရေးအားနည်းသူများအတွက် အိမ်တွင်းမှု လုပ်ငန်းများအပါအဝင် အသက်မွေးဝမ်းကျောင်းပညာရပ်များကိုလည်း တိုးမြှင့်သင်ကြားပေးပြီး အလုပ်အကိုင်အခွင့်အလမ်း တိုးတက်အောင် ဆောင်ရွက်ပေးဖို့လိုပါတယ်”လို့ SAC ဥက္ကဋ္ဌက မှာကြားပါတယ်။

၂၀၂၃ ခုနှစ်၊ မတ်လ (၈)ရက်နေ့မှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ရဲ့ “ကျား၊ မ တန်းတူညီမျှဖို့ နည်းပညာနဲ့ ဆန်းသစ်စို့” “(DigitALL: Innovation and technology for gender equality)” ဆောင်ပုဒ်ကလည်း အမျိုးသမီးများနဲ့ ထိခိုက်လွယ်တဲ့ အုပ်စုများကို နည်းပညာလက်လှမ်းမီရရှိစေခြင်းဖြင့် အမျိုးသမီးများရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းဖြစ်သလို ကျား၊ မ တန်းတူ ညီမျှမှုကို ပိုမိုမြှင့်တင်ပေးနိုင်စေမယ့် အလားအလာကောင်းများကို ဖြစ်ပေါ်စေပါတယ်။

ဒီလိုနည်းပညာဆိုင်ရာ အကျိုးကျေးဇူးများကိုရရှိပြီး စဉ်ဆက် မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်ဆီကို ကျား၊ မ တန်းတူညီမျှစွာ အရောက်လှမ်း နိုင်ဖို့အတွက် တီထွင်ဆန်းသစ်မှု၊ နည်းပညာနဲ့ ဒစ်ဂျစ်တယ်အသိပညာဆိုင်ရာ မြှင့်တင်ဆောင်ရွက်ဖို့၊ နည်းပညာလက်လှမ်းမီရရှိဖို့၊ နည်းပညာ ဆိုင်ရာ လေ့ကျင့်သင်ကြားမှုများ ဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်။ ဒစ်ဂျစ်တယ်ကဏ္ဍမှာ အမျိုးသမီးများနဲ့ မိန်းကလေးငယ်များရဲ့ အခွင့်အရေးကို ကာကွယ်ဖို့နဲ့ အွန်လိုင်းနဲ့ နည်းပညာဆိုင်ရာ ကျား၊ မ အခြေပြုအကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းဖို့လည်း လိုအပ်ကြောင်းကို ဒီဆောင်ပုဒ်က မီး‌မောင်းထိုးပြထားတာကို သတိထားကြ ရမှာဖြစ်ပါတယ်လို့လည်း SAC ဥက္ကဋ္ဌက ပြောကြားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *