၂၄. ၆. ၂၀၂၃
Written By Thandar
ရွှေကြိုကတစ်ဆင့် အနုပညာလောကထဲ ရောက်လာတဲ့ သရုပ်ဆောင် သဇင်ထူးမြင့်က သူမအပေါ် တိုက်ခိုက်မှုတွေတိုင်းကို ယိုင်လဲသွားလို့တော့မဖြစ်ဘူးဆိုတဲ့ စိတ်တစ်ခုနဲ့ပဲ ဘာမဆိုကျော်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
“အနုပညာရှင် တစ်ယောက်ဖြစ်လာရင်တော့ သဲတို့ကို ဝေဖန်တိုက်ခိုက်ခံရတာတွေ ရှိတယ်။ အတိုက်အခိုက်တွေကလည်း အမြဲတမ်း ကြုံရပါတယ်။ တိုက်ခိုက်မှုတွေတိုင်းကို ယိုင်လဲသွားလို့တော့မဖြစ်ဘူးဆိုတဲ့ စိတ်တစ်ခုနဲ့ပဲ ဘာမဆိုကျော် ဖြတ်ခဲ့ပါတယ်။ အနုပညာလောကမှာတော့ အခက်အခဲတွေက အများကြီးပါပဲ။ ဘယ်အရာက ကိုယ့်အတွက် ပိုခက်ခဲတယ်ဆိုတာရယ်လို့ မရှိတော့ပါဘူး။ တစ်ခုပြီး တစ်ခုကြုံတွေ့ရတာတွေလည်း အများကြီးပဲလေ”လို့ သဇင်ထူးမြင့်က ပြောပါတယ်။

သူမဟာ အသက် ၁၈ နှစ်အရွယ်ကစပြီး ၂၀၁၈ ခုနှစ် အကယ်ဒမီ ရွှေကြိုကတစ်ဆင့် အနုပညာလောကထဲ ဝင်ရောက်လာတာလည်း ဖြစ်ပါတယ်။ လတ်တလောမှာ သင်တုန်းဓား ဇာတ်လမ်းတွဲ ရိုက်ကူးထားသလို ကြော်ငြာလေးတွေလည်း ရိုက်ကူးနေတယ်လို့ ဆိုပါတယ်။
“သဲက လူကြောက်တတ်တယ်လေ။ မကြာခင်ထွက်လာမယ့် သင်တုန်းဓား ဇာတ်လမ်းတွဲတစ်ခုရှိတယ်။ ဒီကားမှာ ကိုညီထွဋ်ခေါင်နဲ့ ဇာတ်ဝင်ခန်းတစ်ခုမှာ Shopping Center ရိုက်ရတာဆိုတော့ ဦးစတီးလ်ရိုက်တဲ့ ကားဆိုရင် ရှက်ကိုးရှက်ကန်းဖြစ်ရတာပေါ့။ စကားလုံးတစ်ခုပေါ့။ ထွက်လာရင် သိရမှာပါ။ ဟာသ ဒရာမာကားလေးပါ။ သဲက ဦးခင်လှိုင်ရဲ့ သမီးဆိုတာမျိုးထက် ကိုယ်တိုင် သဇင်ထူးမြင့်ဆိုတဲ့ အမည်ကို ပိုပြီး လက်ခံစေချင်လို့ပါ။ ဖေဖေ့ကို စော်ကားတာလည်း မဟုတ်ပါဘူး။ ကိုယ့်ကိုယ်တိုင်ရပ်တည်ချင်တာပါ”လို့ သူမက ဆက်ပြောပါတယ်။

