၈. ၆. ၂၀၂၃
Written by Hey Mar

ဇွန်လ ၈ ရက် ညနေ ၆ နာရီဝန်းကျင်ခန့်တွင် ရခိုင်ကမ်းရိုးတန်းအနီး ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် အားကောင်းသည့် လေဖိအားနည်းရပ်ဝန်း(မုန်တိုင်းငယ်) အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း(Tropical Cyclone) အဖြစ်ဆက်လက်အားကောင်းလာပြီး ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း မြေပုံမြို့အနီးမှ ဖြစ်ကျော်ဝင်ရောက်ချိန် အားအကောင်းဆုံးအဖြစ် လေတိုက်နှုန်း တစ်နာရီ ၅၈ မိုင်နှင့် ဗဟိုဖိအား ၉၉၅ ဟက်တိုပါစကယ်အထိ ကျဆင်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်မှ ယမန်နေ့ဇွန်လ ၇ ရက်နေ့ ညနေ့ ၆ နာရီဝန်းကျင်က ခန့်မှန်းတွေ့ရှိချက်ကို ယနေ့ ဇွန်လ ၈ ရက်နေ့ နံနက် ၃ နာရီဝန်းကျင်ခန့်က အသစ်ထပ်မံ ခန့်မှန်းတွေ့ရှိချက်များနှင့် ဖြည့်စွက်အသိပေးပြောကြားသည်။

အားကောင်းသည့် လေဖိအားနည်းရပ်ဝန်း(မုန်တိုင်းငယ်) သည် မနက် ၉ နာရီမှ ညနေ ၆ နာရီအထိ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း(Tropical Cyclone) အဖြစ် ဆက်လက်အားကောင်းလာပြီး ထိုနေ့ည ၁၁ နာရီအချိန်တွင် ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကို မြေပုံမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ကာ အနောက်မြောက်၊ မြောက်နှင့် အရှေ့မြောက်အရပ်များသို့ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ် ဆက်လက်ရွေ့လျားပြီး ဇွန်လ ၉ ရက် မွန်းလွဲ ၁ နာရီမတိုင်မီ အားပျော့ပျက်ပြယ်သွားမည့်သဏ္ဍာန် လေ့လာတွေ့ရှိရကြောင်း အဆိုပါလေ့လာသူမှဆိုသည်။

မုန်တိုင်းသည် အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းအဖြစ် မရောက်နိုင်ခြင်း၊ မုန်တိုင်းဒီလှိုင်းရိုက်ခတ်နိုင်မည့်အခြေအနေမရှိသလောက်ဖြစ်ခြင်းတို့ကြောင့် အထူးစိုးရိမ်စရာမရှိကြောင်းနှင့် မုန်တိုင်းကုန်းတွင်းဝင်မည့်အချိန် မြေပုံမြို့၊ စစ်တွေမြို့၊ ရသေ့တောင်မြို့နှင့် ပတ်ဝန်းကျင်မြို့နယ်များ၌ လေပြင်းများ တစ်နာရီ မိုင် ၄၀ မှ ၅၀ ခန့်အထိ တိုက်နိုင်ပြီး မိုးသည်းထန်စွာရွာသွန်းမည့်အခြေအနေကို ကြိုတင်သတိပြု ပြင်ဆင်ထားကြရန်သာ လိုအပ်မည်ဖြစ်ကြောင်းလည်း အသိပေးထုတ်ပြန်ထားသည်။

“မြို့နယ်အားလုံးကတော့ လေပြင်းနဲ့ မိုးသည်းထန်တာကို အခု ညနေပိုင်းမှာ ပိုခံစားရပါမယ်။ မနက်ပိုင်းလေက အရှေ့-အရှေ့တောင်ဘက်ကတိုက်တယ် မြေပုံမြိုနယ်ဘက်ပိုခံရတယ်။ ညနေလေ အနောက်-အနောက်မြောက်ဘက်က တိုက်မယ်။ စစ်တွေ ရသေ့တောင် ဘူးသီးတောင်ဘက်တွေ ပိုခံရမယ်။ လေတိုက်နှုန်းကတော့ မိုင် ၄၀ လောက်ပါပဲ။ မုန်တိုင်းဒီရေတက်တာလည်း မရှိပါ။ ပျက်စီးစရာတွေလည်း မိုခါကြောင့် ၉၀ ရာခိုင်နှုန်း ကုန်နေပြီဆိုတော့ ထပ်ပျက်စရာလည်း မကျန်နိုင်တော့ပါဘူး။ တဲအိမ် သစ်သားအိမ်တွေတော့ သတိထားကြရမှာပါ”ဟု ဦးဝင်းနိုင်မှ MT News ၏ ဆက်သွယ်မေးမြန်းမှုကို ရှင်းပြသည်။

သူက ဆက်လက်ပြီး “မုန်တိုင်းလမ်းကြောင်းကိုထိန်းနေတဲ့ လေထုအလွှာများ(Steering Layers)ကြောင့် ဆက်လက်ရွေ့လျားနိုင်မည့် အခြေအနေ Sounding Forecast မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး မြန်မာဘက်အခြမ်းက ဝင်မယ်လို့ အခု ဇွန်လ ၈ ရက် နေ့လည် ၂ နာရီ က Update မှာ တွေ့တယ်။ စစ်တွေမြို့ အနောက်မြောက်ဘက် မိုင် ၄၀ ကျော် နယ်စပ်အနီး မြန်မာနိုင်ငံဘက်အခြမ်းကနေ ကုန်းတွင်းကို ဝင်နိုင်ပါမယ်။ အချိန် ဇွန်လ ၉ ရက် ညနေ ၅ နာရီ၊ လေတိုက်နှုန်းက 40mph လောက်အထိ ကျသွားပါမယ်”ဟု နောက်ဆက်တွဲ နောက်ဆုံးရ အခြေအနေအချက်အလက်ကို ဆက်လက်ရှင်းပြသည်။

ပြည်တွင်း မိုးလေဝသဌာန၏ ယနေ့မြန်မာစံတော်ချိန် ၉ နာရီခွဲအချိန် တိုင်းထွာချက်များအား အသိပေးကြေညာချက်တွင်လည်း ယနေ့နံနက်မှ ဇွန်လ ၁၃ ရက်နေ့အတွင်း ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၊ အရှေ့အလယ်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေခြင်းကြောင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့နေရာများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၂) ပေခန့် ရှိနိုင်ကြောင်း သတိပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *