April 25, 2024

၈. ၆. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံ ရှမ်းပြည်နယ်ရှိ လိင်လုပ်ငန်းများတွင် အဓမ္မစေခိုင်းခံနေရသော ထိုင်းအမျိုးသမီး ၁၄၀ ကျော်ကို ကယ်တင်ပေးနိုင်ခဲ့ကြောင်း ထိုင်းနိုင်ငံမှ Pavena Hongsakul Foundation for Children and Women ဖောင်ဒေးရှင်းက ပြောသည်။

ပြန်လည်ကယ်တင်ပေးခဲ့သော ထိုင်းအမျိုးသမီးများထဲတွင် အချို့သည် မူးယစ်ဆေးဝါးများ အတင်းအကျပ်သုံးစွဲစေရန် ဖိအားပေးခံရပြီး ပြန်ပေးဆွဲခံရခြင်းများရှိနေခဲ့ကြောင်း အဆိုပါဖောင်ဒေးရှင်းက ပြောသည်။

ရှမ်းပြည်နယ်တွင် အလုပ်လုပ်ကိုင်နေသော ထိုင်းနိုင်ငံသားများက လိင်လုပ်ငန်းများတွင် အဓမ္မစေခိုင်းခံနေရသော ထိုင်းအမျိုးသမီးများကို ကယ်တင်ပေးရန်တောင်းဆိုခဲ့ပြီးနောက် Pavena Hongsakul ဖောင်ဒေးရှင်းသည် ကြားဝင်ကူညီပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းအမျိုးသမီးအချို့က လုပ်ကိုင်ခဲ့ရသော အလုပ်နှင့်ဝင်ငွေသည် အလုပ်လုပ်ရန်ခေါ်ယူချိန်က ပြောဆိုခဲ့သော ဝင်ငွေနှင့် အလုပ်တို့နှင့်များစွာ ကွဲပြားခြားနေကြောင်း ပြောဆိုထားသည်။ ပြန်လည်ကယ်တင်ပေးခဲ့သော ထိုင်းအမျိုးသမီးအချို့က ၎င်းတို့သည် လိင်လုပ်ငန်းတွင် အတင်းအကျပ် ခိုင်းစေခံရခြင်းအပြင် ၎င်းတို့၏ဆန္ဒနှင့် ဆန့်ကျင်သည့် မူးယစ်ဆေးဝါးသုံးစွဲရန် အတင်းအကျပ် ခိုင်းစေခြင်းများလည်းရှိခဲ့ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

ထိုင်းအာဏာပိုင်များသည် ရှမ်းပြည်နယ်ရှိ လိင်လုပ်ငန်းများတွင် လုပ်ကိုင်နေရသော ထိုင်းအမျိုးသမီးများကို ပြန်လည်ကယ်တင်နိုင်ရန်အတွက် မြန်မာအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း Pavena Hongsakul ဖောင်ဒေးရှင်းက ပြောသည်။ ရှမ်းပြည်နယ်ရှိ လိင်လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ပြီး ကယ်တင်ပေးခဲ့သော ထိုင်းအမျိုးသမီးတစ်ဦး၏ခင်ပွန်းဖြစ်သူ ဝမ်ချိုင်းက ၎င်း၏အမျိုးသမီးသည် ယခင်က ထိုင်းနိုင်ငံရှိ အင်တာတိမ်းမန့်လုပ်ငန်းတွင် လုပ်ကိုင်ခဲ့ပြီး မြန်မာနိုင်ငံရှိ တရုတ်စားသောက်ဆိုင်တွင် အလုပ်လုပ်ရမည်ဟု သူငယ်ချင်းဖြစ်သူ မက်လုံးပေးခေါ်ယူခံခဲ့ရကြောင်း ပြောသည်။

တရုတ် စီးပွားရေးလုပ်ငန်းရှင်များသည် လိမ်လည်ခေါ်ယူခဲ့သော ထိုင်းအမျိုးသမီးများ ရောက်ရှိလာချိန်တွင် နိုင်ငံကူးလက်မှတ်များကို သိမ်းယူကာ လိင်လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ရန် ဖိအားပေးခိုင်းစေခြင်းများရှိခဲ့ကြောင်း ထိုင်းနိုင်ငံသား ဝမ်ချိုင်းက ပြောသည်။

Ref——- mgronline

Leave a Reply

Your email address will not be published. Required fields are marked *