MT News

Translated by Htwe Ko Tun

ထိုင်းနိုင်ငံတွင် မေလ ၁၄ ရက်က ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲ၌ မဲအများဆုံးဖြင့်အနိုင်ရခဲ့သည့် Move Forward Party(MFP) ၏ခေါင်းဆောင်ဖြစ်သော၊ ထိုင်းနိုင်ငံ၏ဝန်ကြီးချုပ်အသစ်ဖြစ်လာရန်လည်း ရှေ့ဆုံးမှပြေးနေသည့် မစ္စတာပီတာက ၎င်းဝန်ကြီးချုပ်ဖြစ်လာလျှင် လိင်တူလက်ထပ်ခွင့်နှင့် လိင်သက်သေခံမှတ်ပုံတင်အခွင့်အရေးများကိုပါ သဘောတူအတည်ပြုနိုင်ရန် ဥပဒေထုတ် ပြဌာန်းသွားမည်ဟု ပြောသည်။

၎င်းက ဘန်ကောက်မြို့တွင် ဇွန်လ ၄ ရက်က ပြုလုပ်ခဲ့သော LGBTQ များ၊ ၎င်းတို့၏မဟာမိတ်များနှင့် နိုင်ငံရေးပါတီခေါင်းဆောင်များ စုရုံးချီတက်ကြသည့် LGBTQ များ၏ ဥပဒေကြောင်းဆိုင်ရာအခွင့်အရေးများ၊ ဂုဏ် သိက္ခာများကို တောင်းဆိုသည့် Pride Parade ဟု ခေါ်သော ချီတက်ပွဲတွင် ပူးပေါင်းပါဝင်ချီတက်ကာ ကတိပြုပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

LGBTQ များနှင့် ၎င်းတို့၏မဟာမိတ်များ အဓိကပါဝင်သော စုစုပေါင်းအင်အား ၅၀,၀၀၀ ကျော်ရှိသည့် ထိုချီတက်ပွဲတွင် လမ်းလျှောက်ပါဝင်သူများက LGBTQ အဖွဲ့အစည်းအလံများကို လက်တစ်ဖက်တွင် ဝှေ့ရမ်းကာ တစ်ဖက်တွင် “မည်သည့်လိင်မဆို လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးရေး”၊ “မည်သည့် လိင်မဆို အချစ်ကမပြောင်းလဲ” စသည့်စာတမ်းများကိုင်ဆောင်ကာ ချီတက်လာကြသည်ကို တွေ့ရသည်။

ထိုချီတက်ပွဲကို ကူညီခဲ့သော ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးမှူး ချတ်ချ ဆစ်တီပွန့်က ယခုနှစ်တွင် LGBTQ များ၏ Pride Parade ချီတက်ပွဲက ယခင်နှစ်ထက် အင်အားနှစ်ဆတိုးကာ ၅၀,၀၀၀ ကျော်ရှိကြောင်းပြောခဲ့သည်။

ချီတက်ပွဲတွင် ပီတာက “ကျွန်တော်တို့အစိုးရဖြစ်လာရင် လက်ထပ်မှု အညီအမျှရရှိရေးအက်ဥပဒေ၊ လိင် သက်သေခံမှတ်ပုံတင်အခွင့်အရေးအက်ဥပဒေနဲ့ တခြားများစွာတို့ကို ပြဌာန်းဆောင်ရွက်သွားမယ်” ဟု သတင်းထောက်များအား ပြောခဲ့သည်။

ထိုင်းနိုင်ငံက အာရှတိုက်တွင် LGBTQ ဟုသိကြသော ယောင်္ကျားရှာ၊ မိန်းမရှာ၊ လိင်တူလိင်ကွဲနှစ်မျိုးစလုံးစိတ်ဝင်စားသူ၊ လိင်ပြောင်းလဲထားသူနှင့် ယောင်္ကျားချင်းလိင်ဆက်ဆံသူ စသည့်အသိုင်းအဝိုင်း အပွင့်လင်းဆုံးနှင့်အကြီးမားဆုံးနိုင်ငံဖြစ်သည်။ သို့သော် နိုင်ငံရေးဆိုင်ရာလှုပ်ရှားတက်ကြွသူ အများအပြားက နိုင်ငံ၏ ဥပဒေများနှင့်ရိုးရာအဖွဲ့အစည်းများက LGBTQ များနှင့် လိင်တူဆက်ဆံသူများ အားလက်မခံကြောင်း ပြောခဲ့ကြသည်။

Ref—–Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *

Related News