April 30, 2024

ဓာတ်ပုံ - မေတ္တာရောင်ခြည် ဖောင်ဒေးရှင်းနှင့် အရေးပေါ်သွေးအလှူရှင်များအသင်း

၃. ၆. ၂၀၂၃
Written by Hey Mar

စစ်တွေကမ်းနားလမ်းရှိ မြစ်ပြင်ထဲဆင်းသွားရာက ပျောက်ဆုံးနေသည်ဟုယူဆရသည့် စစ်တွေမြို့ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးတစ်ဦးအား ရခိုင်ပြည်နယ် စစ်တွေမြို့ အခြေစိုက်မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းနှင့် အရေးပေါ်သွေးအလှူရှင်များအသင်းမှ ရှာဖွေကူညီလျှက်ရှိကြောင်း သိရသည်။

ယမန်နေ့ ဇွန်လ ၂ ရက်နေ့ မွန်းလွဲပိုင်းက စစ်တွေကမ်းနားလမ်းရှိ မြစ်ပြင်သို့ တစ်ဦးတည်း ဆင်းသွားပြီးနောက်ပျောက်ဆုံးနေခြင်းဟု သိရှိရပြီး ပျောက်ဆုံးသွားသူမှာ စစ်တွေမြို့၊ ဝန်ကြီးများအိမ်ရာအနီးရှိ အစိုးရနည်းပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးသိန်းနိုင်(၄၅)နှစ်ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

“အနီးအနားက သူ့ကို မြင်လိုက်သူတွေ ပြောပြပုံအရဆိုရင် ကမ်းနားလမ်းက တြိဂံလမ်းဆုံ စစ်တွေဖောင်တော်ဟောင်းကြားက ကျောက်တန်းတွေ ဘက်ကို တစ်ဦးတည်း ဆင်းသွားတာ။ သူပါလာတဲ့ ပစ္စည်းတွေလည်း ကမ်းနားမှာ ချထားခဲ့တယ်။ သူက ပျောက်နေတော့ ဒါရေထဲ ဆင်းသွားလား။ တခြားတစ်နေရာရာလားတော့ မသိဘူးပေါ့။ ကျွန်တော်တို့ကတော့ ပစ္စည်းတွေ ကမ်းစပ်မှာ တွေ့တယ်။ မြင်လိုက်သူလည်း ရှိတယ်ဆိုတော့ ရေထဲ ဆင်းတယ်ယူဆပြီး ရှာဖွေကယ်ဆယ်ရေးတွေ လုပ်နေတယ်။ မြစ်ထဲဆင်းရင်တော့ မနေ့ကဆိုရင် ဒီနေ့ ၂ နာရီ ၃ နာရီလောက်တော့ ပြန်တွေ့ရမှာပဲလို့ ယူဆတာပေါ့။ လူတစ်ယောက် ပျောက်တာ သေချာတော့ ပြောမရဘူးပေါ့။ ရှာတော့ရှာနေကြတယ်။ မိသားစုလည်း အဆက်အသွယ်ရပြီ”ဟု မေတ္တာရောင်ခြည်ပရဟိတအသင်း တာဝန်ရှိသူက MT News ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားသည်။

လက်ရှိတွင် ပျောက်ဆုံးနေသည့်ဆရာကြီးအား ကျောင်းမှဝန်ထမ်းများနှင့် မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း အရေးပေါ်လူမှုကူညီရေးနှင့် သွေးလှူရှင်များအသင်းက ကမ်းနားလမ်းတစ်လျှောက်နှင့် ပွိုင့်ကမ်းခြေတို့တွင် ဆက်လက်ရှာဖွေနေကြဆဲဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *