ပြီးခဲ့သည့် သီတင်းပတ်အတွင်း တရားမဝင်မြန်မာနိုင်ငံသား ၁၀၀ ကျော် ဖမ်းဆီးခံထားရ

၃. ၆. ၂၀၂၃
Written by Nay Aung

ထိုင်းရဲတပ်ဖွဲ့သည် ပြီးခဲ့သည့် သီတင်းပတ်အတွင်း မဲဆောက်မြို့တွင်နေထိုင်နေသော တရားမဝင် ရွှေ့ပြောင်းနေထိုင်နေသူများကိုရှာဖွေကာ မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီးနောက် လုံခြုံရေးကိုအမြင့်ဆုံးတပ်လှန့်ထားကာ ရှာဖွေဖမ်းဆီးမှုများကို အရှိန်မြှင့်လုပ်ဆောင်နေကြောင်း သိရသည်။

ထိုင်းရဲတပ်ဖွဲ့သည် ပြီးခဲ့သောမေလ ၁၄ရက်နေ့တွင် နစကကို လက်နက်ကိုင်တိုက်ခိုက်နေသော အဖွဲ့များအတွက် လက်နက်များထုတ်လုပ်ပေးနေသော မဲဆောက်မြို့ရှိ အိမ်ကို စီးနင်းခဲ့ပြီးနောက်  မြို့အတွင်း တရားမဝင် နေထိုင်သူများကို ရှာဖွေဖမ်းဆီးမှု အရှိန်မြှင့်လာခဲ့ကြောင်း သိရသည်။

ထိုင်းအာဏာပိုင်များက ၎င်းတို့သည် မြန်မာလက်နက် ကိုင်အဖွဲ့များအတွက် လက်နက်များထုတ်လုပ်ပေးနေသောအိမ်ကို စီးနင်းရှာဖွေချိန်အတွင်း လက်နက်ထုတ်လုပ်ရာတွင် အနည်းဆုံးလူ ၆ ဦး ပါဝင်ဆက်နွယ်ဖွယ်ရှိနေကြောင်း ပြောသည်။

မဲဆောက်မြို့ရှိ မြန်မာနိုင်ငံသားများကို ကူညီပေးနေသော Joint Action Committee for Burmese Affairs အဖွဲ့ ဥက္ကဋ္ဌဦးမိုးကျော်က မဲဆောက်မြို့တွင် ပြီးခဲ့သောသီတင်းပတ်အတွင်း အနည်းဆုံး မြန်မာနိုင်ငံသား ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း ပြောသည်။

“ထိုင်းနဲ့ မြန်မာနယ်စပ်ဒေသက မယ်တော်ဆေးခန်းနားမှာ ဖမ်းဆီးခံရသူတွေလည်း ရှိခဲ့တယ်။ ဈေးတွေမှာ ဖမ်းဆီးခံရသူတွေလည်းရှိခဲ့တယ်။ နယ်စပ်ဖြတ်သန်းခွင့်နဲ့ နေထိုင်ခွင့် အထောက်အထားတွေမပြနိုင်လို့ ဖမ်းဆီးခံရတာမျိုးဖြစ်တယ်။ ကျွန်တော် ကြားသိရသလောက်ဆိုရင် မေလ ၂၃ ရက်နေ့ တစ်ရက်တည်းမှာပဲ မဲဆောက်မြို့မှာနေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၅၀ လောက် ဖမ်းဆီးခံရတယ်” ဟု ဦးမိုးကျော်က ပြောသည်။

ထို့အတူ ရွှေ့ပြောင်းလုပ်သားများကို ကူညီပေးနေသော မနှင်းဆီကလည်း ” ထိုင်းအာဏာပိုင်တွေဟာ သံသယရှိတဲ့အိမ်တွေကိုလည်း စစ်ဆေးတယ်။ အိမ်နီးချင်းပတ်ဝန်းကျင်တွေလည်း စစ်ဆေးတယ်။ တရားဝင်စာရွက်စာတမ်းမရှိတဲ့သူတွေကို ဖမ်းဆီးခဲ့တယ်။ ဖမ်းဆီးခံရသူတွေထဲက တချို့ကို အာမခံပေးတယ်။ တချို့ကို မိခင်နိုင်ငံထံ ပြန်ပို့တယ်။ ဒီရက်ပိုင်းအတွင်းမှာ ထိုင်းအာဏာပိုင်တွေဟာ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသေးတဲ့ အသေးစားအထည်ချုပ်စက်ရုံတွေကို ဝင်ရောက်စီးနင်းတယ်။တရားမဝင်အလုပ်သမားတွေကို ဖမ်းဆီးတယ်။ အဲဒီ အထည်ချုပ်စက်ရုံတွေဟာ အိမ်တွင်းလုပ်ငန်း ပုံစံမျိုးဖြစ်ပြီး မှတ်ပုံတင်မရှိဘူး” ဟု ပြောသည်။

Ref——-benarnews

Leave a Reply

Your email address will not be published. Required fields are marked *