၃၁. ၅. ၂၀၂၃
Written By Thandar

အောင်သီရိ ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထုတ်လွှင့်ပြသလျက်ရှိတဲ့ “အိမ်ထောင်” ဇာတ်လမ်းတွဲကို ဧပြီ ၂၃ ရက်ကစပြီး ပြသခဲ့ရာ ဒီဇာတ်လမ်းတွဲရဲ့ အပိုင်း (၁) ကနေ အပိုင်း (၁၅) အထိကို Z Stream Application၊ Myanmar Live Series Application၊ Telegram၊ Facebook ၊ YouTube တွေပေါ်မှာ တရားမဝင် ကြိုတင် ပြသလျက်ရှိတဲ့အတွက် လိုအပ်သလို ကူညီဆောင်ရွက်ပေးဖို့ မူပိုင်ခွင့်ရှိသူတွေက တိုင်ကြားခဲ့ပါတယ်။

အဆိုပါ တိုင်ကြားမှုနဲ့ပတ်သက်ပြီး ဗဟန်းမြို့မရဲစခန်းက အမှုဖွင့်ပြီး အမြန်ဆုံးအရေးယူ ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူတွေက ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အတွက် Z Stream Application တရားမဝင် တည်ထောင်လုပ်ကိုင်သူ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်နေ အောင်မင်းဦး (၃၀)နှစ် (ဘ)ဦးသန်းဦးကို နေအိမ်မှာ သက်သေခံပစ္စည်းတွေနဲ့အတူ မေ ၂၀ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ ထုတ်လုပ်ရေးဘက်ကတော့ ခိုးယူမှုတွေရှိတယ်လို့ သိထားပါတယ်။ တိုင်ကြားမှု အပိုင်းကတော့ Mahar Application ပိုင်းက လုပ်ဆောင်တာ ဖြစ်ပါလိမ့်မယ်။ ဖမ်းဆီးနိုင်ခဲ့တာနဲ့ ပတ်သက်ပြီး သေသေချာချာမသိသေးပါဘူး”လို အောင်သီရိထုတ်လုပ်ရေးက ကိုအောင်ကျော်ဦးက MT News ကို ပြောပါတယ်။

တရားမဝင်ခိုးကူးတွေ ဆက်စပ်ကျူးလွန်သူတွေကိုလည်း ဥပဒေကြောင်းအရအတိုင်း လိုအပ်တာတွေ စုံစမ်းမှုတွေနဲ့ အရေးယူမှုတွေ ပြုလုပ်ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။

အနုပညာဖန်တီးမှုတွေကို မူပိုင်ခွင့်ရရှိသူတွေထံက ခိုးယူပြီး သမားရိုးကျနည်းလမ်းနဲ့သော်လည်းကောင်း၊ အွန်လိုင်းပလက်ဖောင်းမျိုးစုံနဲ့သော်လည်းကောင်း တရားမဝင် ထုတ်လွှင့် ဖြန့်ချိသူတွေကို “အနုပညာဖန်တီးမှုများအား တရားမဝင်ခိုးယူဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီးရေးအဖွဲ့”က တည်ဆဲဥပဒေတွေနဲ့အညီ ထိထိရောက်ရောက်အရေးယူနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *