၃၁. ၅. ၂၀၂၃
Written By Thandar

ချစ်ခြင်းမေတ္တာကတစ်ဆင့် ဖြစ်ပေါ်လာတဲ့ အငြိုးအတေး အမုန်းတရားတွေကို ဇာတ်အိမ်ဖွဲ့ ရိုက်ကူးထားတဲ့ “တောင်းဆုတစ်ခု ပြည့်စေသား” ရုပ်ရှင်ဇာတ်ကား Red Carpet Show အခမ်းအနားကို မေလ ၃၀ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။

“ဒီဇာတ်ကားရဲ့ ဇာတ်လမ်းလေးကို နန်းခင်ဇေယျာကို ပြောပြချိန်မှာ သူက ဒီဇာတ်လေးကိုသဘောကျပြီး ကိုယ်တိုင် ထုတ်လုပ်ခဲ့တာပါ။ အကြောင်းအမျိုးမျိုးကြောင့် ရုံတင်ပြသခွင့်မရခဲ့ဘူး။ ကိုဗစ်ဖြစ်ပြီးနောက်မှာ နန်းခင်က သူငွေကြေးလိုအပ်လို့ ဒီဇာတ်ကားကိုရောင်းလိုက်တော့မယ်ဆိုတော့ Triple Six ထုတ်လုပ်ရေးကို ရောင်းလိုက်တယ်။ ဒီဇာတ်ကားရိုက်ကူးချိန်တုန်းက အခြေအနေတွေနဲ့ အခုပြသချိန်က အတော်ခြားတော့ တချို့ အကြောင်းအရာတွေက ရည်ရွယ်ချက်တစ်မျိုးတော့ ဖြစ်သွားတယ်။ ဒီဇာတ်ကားရဲ့ပုံစံကလည်း လူနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကနေပြီး ဖြစ်လာတဲ့ အငြိုးအတေးတွေကို ဇာတ်လမ်းဖွဲ့ထားတာပါ။ ပရိသတ်တွေ ကြည့်ရှုပြီးရင် ဝေဖန်အကြံပေးကြပါ။ လိုအပ်တာတွေပြင်ဆင်သွားပါ့မယ်။ ပရိသတ်တွေ ကြည့်ရှုပြီးရင် ဝေဖန် အကြံပေးကြပါဦး”လို့ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)က ပြောပါတယ်။

ဇွန် ၂ ရက်မှာ မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသတော့မယ့် “တောင်းဆုတစ်ခု ပြည့်စေသား” ရုပ်ရှင်ဇာတ်ကားကို ၂၀၁၇ တုန်းက ဇာတ်လမ်း မိုးစက်ဝိုင်နဲ့ ဇာတ်ညွှန်းကို ဒါရိုက်တာစတီးလ်(ဒွေးမေတ္တာ)တို့က ရေးသားပြီး ပြင်ဦးလွင်မှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

“ကိုယ်ပါဝင်ထားတဲ့ ဇာတ်ဝင်ခန်းလည်း နည်းပါတယ်။ အဓိက,က ကိုယ်က ဒီဇာတ်ကားလေးကို ကိုယ်တိုင် တင်ဆက်တဲ့သူဖြစ်ချင်လို့ ရိုက်ခဲ့တာပါ။ အခုရုံတင်ခွင့်ရတော့ အခြေအနေလေးတွေ နည်းနည်းကွာသွားပေမယ့်လည်း ဝမ်းသာရပါတယ်” လို့ သရုပ်ဆောင် နန်းခင်ဇေယျာက ပြောပါတယ်။

သရုပ်ဆောင်တွေအနေနဲ့ အကယ်ဒမီ ထွန်းထွန်း၊ ထွန်းကိုကို၊ ထူးခြား၊ မိုးယံဇွန်၊ မိုးဟေကို၊ မေမြင့်မိုရ်၊ နန်းခင်ဇေယျာနဲ့ အနုပညာရှင်များစွာပါဝင်ထားပြီး ဇာတ်ကားရဲ့ အသံပိုင်းဆိုင်ရာကို အိန္ဒိယနိုင်ငံမှာ သွားရောက် ထည့်သွင်းထားတဲ့အတွက် ခန့်မှန်းခြေ ငွေကျပ် သိန်း ၁၅၀၀ ဝန်းကျင်ခန့် ကုန်ကျခံကာ ရိုက်ကူးထားတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *