၃၁. ၅. ၂၀၂၃
Written by Ye Kyaw

ကမ္ဘာလှည့်ခရီးသွားနှင့် စီးပွားရေးလုပ်ငန်းအခွင့်အလမ်းများ မြှင့်တင်ရန် MAI လေကြာင်းလိုင်းနှင့် စီးပွားရေးမိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် Indian Association of Myanmar (IAM)၊ India Myanmar Chamber of Commerce (IMCC)၊ Malaysian Association of Myanmar (MAM)၊ Singapore Association of Myanmar (SAM)တို့အကြား မဟာဗျူဟာမြောက် စီးပွားဖက်သဘောတူညီချက်ကို မေလ ၃၀ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။

စီးပွားဖက်သဘောတူညီချက်အရ MAI လေကြောင်းလိုင်းနှင့် စီးပွားဖက်အဖွဲ့အစည်းလေးခုအကြား ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာရန်အပြင် မြန်မာနိုင်ငံအတွင်း ကမ္ဘာလှည့်ခရီးသွားနှင့် စီးပွားရေးလုပ်ငန်း အခွင့်အလမ်းများ မြှင့်တင်ပေးရန်လည်း ရည်ရွယ်ချက်ဖြင့် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါသဘောတူညီချက်အရ စီးပွားဘက်အဖွဲ့အစည်းများဖြစ်သည့် IAM၊ IMCC၊ MAN နှင့် SAM တို့၏ အဖွဲ့ဝင်များကို MAI က သီးသန့် ခရီးသွားအခွင့်အလမ်းကောင်းများ ကမ်းလှမ်းမည့်အပြင် ၎င်းတို့ စီစဥ်သည့်စီးပွားရေးပွဲများနှင့် လှုပ်ရှားမှုများအတွက်လည်း ထောက်ပံ့ပေးမည်ဖြစ်သည်။

လက်မှတ်ထိုးပွဲအခမ်းအနားက MAI နှင့် အဆိုပါစီးပွားဖက်အဖွဲ့အစည်း လေးခုအတွက် ထူးခြားသည့် သမိုင်းမှတ်တိုင်တစ်ခုလည်းဖြစ်ကာ ၎င်းတို့အကြား ပူးပေါင်းဆောင်ရွက်မှုအတွက် အခမ်းသစ်တစ်ရပ် ဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီး MAI အနေဖြင့် ခရီးသည်များအတွက် အရည်သွေးမီသော ဝန်ဆောင်မှုလုပ်ငန်းများကို ပံ့ပိုးပေးနေသည့်အပြင် မြန်မာနိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း တိုးတက်မှုအတွက်လည်း ပါဝင်ကူညီဆောင်ရွက်လျက်ရှိသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI)အနေဖြင့် နိုင်ငံတကာခရီးစဥ်အသစ်များကို တိုးချဲ့ပြေးဆွဲလျက်ရှိပြီး ရန်ကုန်မှ အိန္ဒိယနိုင်ငံ၊ ချန်နိုင်းမြိုကို ခရီးစဥ်အသစ်ကိုလည်း ပြီးခဲ့သည့် မေလ ၆ ရက်မှစတင်၍ ပျံသန်းပြေးဆွဲပေးလျက်ရှိပြီး ယခုမေလအတွင်း စင်ကာပူ၊ ဆိုးလ်-အင်ချွန်းမြို့နှင့် ဒူဘိုင်းတို့ကို လေကြောင်းခရီးစဥ် ပျံသန်းမှုများကို အကြိမ်ရေတိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI)အနေဖြင့် ရန်ကုန်နှင့် မန္တလေး မြို့ကြီးနှစ်ခုကို အခြေပြု၍ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ ကမ္ဘောဒီယား၊ ဗီယက်နမ်၊ တောင်ကိုရီးယား၊ တရုတ်၊ ယူအေအီး၊ အိန္ဒိယ အပါအဝင် မြို့ပေါင်း ၂၇ မြို့တို့ကို လေယာဥ် ၁၀ စီးဖြင့် ပျံသန်းပြေးဆွဲပေးနေခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *