MT News

Written by Hey Mar

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်း-မိတ္ထီလာကားလမ်းပိုင်း မိုင်တိုင်အမှတ် ၄၆/၆ မြိုင်သာယာ၊ ဟင်းငုတ်ပင် စိမ်းစိုစခန်းအနီးတွင် မေလ ၃၀ ရက် ညနေ ၄ နာရီဝန်းကျင်ခန့်က ယာဥ်နှစ်စီး လမ်းကြောပြောင်းပြန်မျက်နှာချင်းဆိုင်တိုက်မိရာမှ ဆရာတော်တစ်ပါး အပြင်းအထန်ဒဏ်ရာရကာ၊ တစ်ပါးမှာ နေရာတွင် ပျံလွန်သည့်ဖြစ်စဥ် ဖြစ်ပွားခဲ့ကြောင်း မေတ္တာမွန်လူမှုကူညီကယ်ဆယ်ရေးအသင်းမှ သိရသည်။

ခရီးသည်တင်ယာဥ် Express ကားကြီးနှင့် ဘုန်းကြီးကား(VOXY)နှစ်စီးစလုံးမှာ လမ်းကြောပြောင်းပြန်တိုက်မိကြခြင်းဖြစ်ပြီး ဖြစ်စဥ်ကို ခရီးသည်တင်ယာဥ်ပေါ်ပါ ခရီးသည်တချို့၏ ပြောဆိုချက်များနှင့် မျက်မြင်ကြုံတွေ့ကူညီခဲ့ပုံကို မေတ္တာမွန် လူမှုကူညီရေးအသင်းမှ MT News သို့ ပြောပြရာတွင် “ယာဥ်ပေါ်ပါ ခရီးသည်တချို့ရဲ့ ပြောပြချက်အရတော့ အညာဘက်က လမ်းပိုင်းတွေကို အရင်မြင်သာအောင်ပြောရရင် နှစ်လမ်းသွားလည်း ဖြစ်တယ်။ နောက်ပြီး အကွေ့တွေဆိုရင်လည်း တစ်ဖက်ကပန်းတက်ရင် တစ်ဖက်က ခေါက်ကွေ့ရတာမျိုး။ အဲ့ဒီမှာ ဘုန်းကြီးကားလေးက မြွေလိမ်မြွေကောက် မောင်းလာသလိုဖြစ်တာ။ တစ်ဖက်ယာဥ်ကြောက ခရီးသည်တင်ကားကလည်း တစ်ဖက်ရှေ့ကားက ကိုးရိုးကားယားဖြစ်တော့ သူကလည်း သူ့လမ်းကြောမဟုတ်တဲ့ဘက်ကို ယူရှောင်ရင်းက နှစ်စီစလုံး လမ်းပြောင်းပြန် တိုက်ကြတာ။ ခရီးသည်တင်ယာဥ်ပေါ်မှာ လူ ၁၄ ဦးပါပြီး တစ်ဦးမှ ထိခိုက်ဒဏ်ရာမရပါဘူး။ တစ်ဖက် ဘုန်းကြီးကားလေးပေါ်မှာတော့ မောင်းတဲ့ ဦးဇင်းက ပျံလွန်တယ်။ဘေးက ထိုင်တဲ့ ဦးဇင်းကလည်းဒဏ်ရာပြင်းတယ်။ ပေါင်ကျိုးတယ် နဖူးဟက်တက်ကွဲတယ်ပေါ့။ ဒဏ်ရာကတော့ ကြီးတယ်။ နှစ်ပါးစလုံး သက်တော် ၃၀ ကျော်ပဲ ရှိပါသေးတယ်”ဟု ဆိုသည်။

အပြင်းအထန်ဒဏ်ရာရသည့် ဆရာတော်တစ်ပါးအား သွေးထွက်မလွန်စေရန်နှင့် အချိန်မီဆေးကုသမှု ခံယူနိုင်စေရန် ကျောက်ပန်းတောင်းဆေးရုံကြီးသို့ မေတ္တာမွန် လူမှုကူညီရေးအသင်းမှ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *