၃၀. ၅. ၂၀၂၃
Written by Peya

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်တွင် လျှို့ဝှက် သတင်းပေးချက်အရ ကျည်ဆံများ၊ လက်လုပ်မိုင်းများ၊ ဒရုန်း ၂ စီးနှင့်အတူ လူ ၄ ဦးကို ဖမ်းဆီးရမိပြီး စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံက သတင်း ရရှိသည်။

သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏရပ်ကွက်၊ မင်းဒင် ၃ လမ်းရှိနေအိမ်အား မေလ ၃၀ ရက် နံနက်ပိုင်းတွင် ဝင်ရောက်ရှာဖွေရာ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦးကို အထက်ပါ ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက MT News သတင်းဌာနသို့ အတည်ပြု ပြောကြားသည်။

“အသက်က အားလုံးက ပျှမ်းမျှ အသက် ၄၀ လောက်တွေပါ။ အခုတော့ စစ်နေတယ်။ သူတို့က ကြားထဲက တစ်ဆင့်ခံပေးတာလား။ ဘယ်လိုမျိုးလဲဆိုတာ စစ်နေတယ်။ စစ်ပြီးရင် ထုတ်ပြန်ပေးပါလိမ့်မယ်” ဟု အဆိုပါ နီးစပ်သူက ဆိုသည်။

အထက်ပါ ဖမ်းဆီးရမိသူများနှင့်အတူ Drone ၂ စီး၊ ၁၂ ဗိုကျည် ၂၃၀ တောင့်၊ ၉ မမ ကျည် ၁၀၀ တောင့်၊ စနိုက်ပါကျည် ၁၃၀ တောင့်၊ အီနာဂါ ၁ လုံးနှင့် လက်လုပ်မိုင်း ၆ လုံးကို သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်းလည်း သိရသည်။

“အတိအကျ သတင်းပေးချက်အရ ဝင်ပြီးတော့ ရှာဖွေ ဖမ်းဆီးတာပေါ့။ ဆက်စပ်တရားခံတွေကိုလည်း ထပ်ပြီး ဖော်ထုတ်နိုင်ဖို့ ကြိုးစားနေပါတယ်” ဟု ၎င်းက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *