April 26, 2024

၂၅. ၅. ၂၀၂၃
Written by Thettant

MFF Futsal Amateur Cup 2023 ပြိုင်ပွဲကို ဇွန် ၁၇ ရက်မှ စတင်ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်လျှောက်လွှာများကို ဇွန် ၁ ရက်တွင် စတင်ထုတ်ပေးမည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။

ပြိုင်ပွဲ၏ အဓိကရည်ရွယ်ချက်မှာ ဖူဆယ်ကစားသမားအသစ်များ ထွက်ပေါ်လာရေးအတွက်ဖြစ်သဖြင့် မြန်မာ့လက်ရွေးစင် ဖြစ်ခဲ့ဖူးသူ (ဖူဆယ်/ဘောလုံး) များ၊ ၂၀၁၉ နောက်ပိုင်း သက်တမ်းအလိုက် လက်ရွေးစင် ဖြစ်ခဲ့ဖူးသူများ (ဖူဆယ်/ဘောလုံး)၊၂၀၁၉ နောက်ပိုင်း ဖူဆယ်လိဂ် (၁)နှင့် (၂)တို့တွင် မှတ်ပုံတင်ထားသော ကစားသမားများ၊ နည်းပြများ၊ အုပ်ချုပ်မှု အဖွဲ့ဝင်များ၊ ၂၀၁၉ နောက်ပိုင်း မြန်မာနေရှင်နယ်လိဂ် (၁)နှင့် (၂)တို့တွင် မှတ်ပုံတင်ထားသော ကစားသမားများ၊ နည်းပြများ၊ အုပ်ချုပ်မှု အဖွဲ့ဝင်များကို MFF Futsal Amateur Cup 2023 ပြိုင်ပွဲတွင် ကစားသမားအဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့်ပြုမည် မဟုတ်ကြောင်း သိရသည်။

MFF Futsal Amateur Cup 2023 ပြိုင်ပွဲကို အသင်းပေါင်း (၃၂)သင်းဖြင့် ကျင်းပသွားမည်ဖြစ်ပြီး အုပ်စုအဆင့်တွင် လေးသင်း (၈)အုပ်စုစနစ်ဖြင့် ကျင်းပသွားမည်ဖြစ်ကာ ၁၆ သင်းအဆင့်၊ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်၊ ဖိုင်နယ် စသည်ဖြင့် အဆင့်ဆင့် ကျင်းပသွားမည် ဖြစ်သည်။

ပြိုင်ပွဲဝင်ခွင့် လျှောက်လွှာများကို ဇွန် ၁ ရက်မှ စတင်၍ သုဝဏ္ဏကွင်းအတွင်းရှိ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ဌာနတွင် ရုံးချိန်အတွင်း ထုတ်ပေးသွားမည်ဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်လိုသည့် အသင်းများအနေဖြင့် ဇွန် ၅ ရက်မှ ၉ ရက်အတွင်း ပြန်လည် စာရင်းပေးသွင်းရမည် ဖြစ်သည်။ ပြိုင်ပွဲဝင်ကြေးအနေဖြင့် တစ်သင်းလျှင် ကျပ် ၁၅၀၀၀၀နှင့် အာမခံကြေး ကျပ် ၁၀၀၀၀၀ ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။

MFF Futsal Amateur Cup 2023 ပြိုင်ပွဲဝင် အသင်းများအနေဖြင့် တစ်သင်းလျှင် ကစားသမား အနည်းဆုံး ၁၄ ဦးမှ ၁၆ ဦး အထိ၊ အုပ်ချုပ်နည်းပြအဖွဲ ၃ ဦးမှ ၅ ဦးအထိ စာရင်းပေးသွင်းနိုင်မည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *