April 18, 2024

◾️ အသိပညာနည်း၍ ယခုကဲ့သို့ ဖြစ်သွားရဟု ပြန်လည်ရှင်းလင်း တောင်းပန်

၂၅. ၅. ၂၀၂၃
Written by Peya

တိုက်ကြီးမြို့မှ မင်္ဂလာကန်ရှိငါးများ အစုလိုက် အပြုံလိုက် သေရခြင်းမှာ အဆိပ်ချခြင်းကြောင့် မဟုတ်ဘဲ ရေထုညစ်ညမ်း၍ ပျော်ဝင်အောက်စီဂျင် မလုံလောက်၍ ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန က စစ်ဆေးချက်ရလဒ် ထုတ်ပြန်ထားပြီးဖြစ်ကာ အသိပညာ နည်း၍ ယခုကဲ့သို့ ဖြစ်သွားရခြင်းဖြစ်ကြောင်း အဆိုပါ ငါးများကို အဆိပ်ခတ်ခံရသည်ဟုဆိုသည့်ကနဦးသတင်းများအပေါ် နိဗ္ဗာန်ချမ်းသာမင်္ဂလာအသင်းမှ ဦးမြဝင်းက ၎င်း၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် ပြန်လည်ရှင်းလင်း တောင်းပန်ထားသည်ကို တွေ့မြင်ရသည်။

အဆိုပါ မင်္ဂလာကန်မှ ငါးကောင်ရေ ထောင်သောင်းချီမှာ မေ ၂၂ ရက်တွင် သေဆုံးခဲ့ပြီး ထိုသို့သေဆုံးရခြင်းမှာ အဆိပ်ခတ်ခံရသည်ဟု ကနဦးပြောခဲ့သော်လည်း ဓာတ်ခွဲစစ်ဆေးမှုများအရ သေဆုံးငါးများတွင် ပါးဟပ်မျှင် ထိပ်ဖျားများ ယောင်နေခြင်း၊ သွေးကြောများ ပေါက်နေခြင်းနှင့် မျက်လုံးများ ပြူးနေခြင်းတို့ကို တွေ့ရကာ ရောဂါကြောင့် သေဆုံးရခြင်း မဟုတ်ဘဲ ရေထုညစ်ညမ်းခြင်း၊ ပျော်ဝင်အောက်ဆီဂျင် မလုံလောက်ခြင်းကြောင့် သေဆုံးရခြင်းဖြစ်သည်ဟု ယူဆရကြောင်းလည်း ငါးလုပ်ငန်းဦးစီးဌာန ၏ စစ်ဆေးချက်အရ တွေ့ရှိထားသည်။

အဆိုပါ ငါးများကို ၂၀၁၇ ခုနှစ် ဧပြီလအတွင်းက စတင် မွေးခဲ့ခြင်းဖြစ်ကာ အဆိုပါကန်မှာ မီးသတ်ရေကန်ဖြစ်ပြီး ပြီးခဲ့သည့်နှစ်တွင် ငါးအကောင်ရေ ၃၀၀ ကျော် သေခဲ့သည့်အတွက် ယခုနှစ်တွင်ထိုသို့ မဖြစ်စေရန် မီးသတ်ကားများ ရေဖြည့်ပြီးချိန်တိုင်း စက်ရေတွင်းမှ ရေဖြင့် ရေပြန်ဖြည့်ပြီး ရေကို ထိန်းညှိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့မှာကလည်း မီးသတ်ကန်မို့ အရေးအကြောင်း ရေမပေးနိုင်ရင် အပြောခံရမှာမို့ သက်တမ်း(၇)နှစ်မှာ တစ်ခါမှရေမလှယ်ပေးနိုင်ခဲ့ပါ။ တကယ်တော့ ငါးပညာပိုင်း လုံးဝလုံးဝကိုမရှိတာပါ။ ကံတရားကောင်းလို့ ဒီလောက်ဖြစ်လာတာပါ။ သဘာဝတရားအံ့ဩဖို့ကောင်းတာ ယုံကြည်ရမှာပါ။ ဒီလိုဖြစ်အောင် မွေးတာလည်းဆိုပြီး ငါးဆရာကြီးတွေလာလာမေးကြတယ်။ ကျွန်တော်တို့ ဘာပြောရမလဲ။ မပြောနိုင်ခဲ့ပါ။ ထိမ်းသိမ်းစောင့်ရှောက်သူ ကျွန်တော်တို့တွေ အသိပညာ Knowledge အင်မတန်နည်းတာမို့ ဒီလိုဖြစ်သွားတာပါ။ ကျွန်တော့် အားနည်းချက်ကြောင့် ဖြစ်ရပြီး ထုံးစံအတိုင်း ရမ်းသမ်းစွပ်ဆိုမူတွေဖြစ်ရတာမို့ အာလုံးကိုလည်းတောင်းပန်ပါတယ်” ဟု နိဗ္ဗာန်ချမ်းသာမင်္ဂလာအသင်းမှ ဦးမြဝင်းက ၎င်း၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် ပြန်လည်ရှင်းလင်း ရေးသားတောင်းပန်ထားသည်ကို တွေ့မြင်ရသည်။

လက်ရှိတွင် အဆိုပါ ကန်နှင့်ပတ်သက်၍ သန့်ရှင်းရေးကို ဆောင်ရွက်နေကြောင်း မိုးစေတနာ ပရဟိတ အသင်း – တိုက်ကြီးရုံးခွဲမှ တာဝန်ရှိသူတစ်ဦးက MT News သတင်းဌာနကို့ ပြောသည်။

“ကျွန်တော်တို့အားလုံးက မိတ်ဖက်တွေပါ။ လိုအပ်တာအားလုံးကို ဝိုင်းဝန်းပြီးတော့မှ ကူညီနေကြတာပဲ။ (စစ်ဆေးချက်ရလဒ်မှာ) အကြံပြုတာဆိုပြီး ပြန်ပြီးတော့ ရေးပေးထားတာတော့ ပါပါတယ် ခင်ဗျာ။ အဲ့ဒီအတိုင်း အချိန်နည်းနည်းတော့ စောင့်ရဦးမယ်။ ကန်ကိုလည်း ပြုပြင်ဖို့ပေါ့။ အခုတော့ သန့်ရှင်းရေးကို လုပ်နေပါတယ်” ဟု ၎င်းက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *