April 23, 2024

MT News

Written by Pan Ei

၂၀၁၉ ခုနှစ်က ကွယ်လွန်ခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံက အဆိုတော်၊ မင်းသမီးချော Sulli ရဲ့ ဇာတ်ကားတိုကို Netflix ကနေ နောက်လထဲမှာ ထုတ်လွှင့်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Netflix ကနေ ၂၀၁၉ ခုနှစ် ဧပြီလက ဒါရိုက်တာလေးဦးပူးပေါင်းရိုက်ကူးထားပြီး IU ပါဝင်သရုပ်ဆောင်ထားတဲ့ အပိုင်းလေးပိုင်းပါ ဇာတ်လမ်းတွဲ Persona ကို ထုတ်လွှင့်ခဲ့ပါတယ်။ အပိုင်း ၅ ပိုင်းပါဝင်မယ့် Persona ရဲ့ ဒုတိယမြောက်အဆက်ဖြစ်တဲ့ Persona 2 မှာတော့ Sulli က အဓိကနေရာကနေ ပါဝင်သရုပ်ဆောင်ဖို့စီစဉ်ထားခဲ့တာဖြစ်ပြီး ပထမပိုင်း ရိုက်ကူးပြီးနောက်မှာ Sulli ကွယ်လွန်သွားတာကြောင့် ဇာတ်လမ်းတွဲရိုက်ကူးမှုဟာ ရပ်ဆိုင်းသွားခဲ့ပါတယ်။

‘Persona 2’ ကို ထုတ်လုပ်တဲ့ Mystic Story မှတာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့ ‘Persona 2’ ထွက်ရှိမယ့်အချိန်ဇယားကို Netflix နဲ့ ဆွေးနွေးနေပါတယ်။ နောက်ထပ်အသေးစိတ်အချက်အလက်တွေကို ထပ်မံကြေညာပေးသွားပါ့မယ်” လို့ပြောကြားခဲ့ပြီး အင်တာနက်ပေါ်မှ သတင်းတွေအရတော့ “Persona 2” ကို Netflix ကနေ ဇွန်လ ၁၆ ရက်မှာ ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။

၂၀၀၅ ခုနှစ်မှာ ကလေးသရုပ်ဆောင်အဖြစ် ပွဲဦးထွက်ခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ f(x) အဖွဲ့ဝင်တစ်ဦးအနေနဲ့ အဆိုတော်တစ်ဦးအဖြစ် ပွဲဦးထွက်ခဲ့တဲ့ Sulli ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော်အနုပညာရှင်တစ်ဦးဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် “To the Beautiful You” “Fashion King” စတဲ့ နာမည်ကြီးဇာတ်လမ်းတွဲတွေမှာ အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်ကိုရယူနိုင်ခဲ့သူတစ်ဦးပါ။

၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၄ ရက်က ကွယ်လွန်ခဲ့ချိန်မှာအသက် ၂၅ နှစ်သာရှိသေးတဲ့ Sulli ရဲ့ ဇာတ်လမ်းတိုထွက်ရှိလာတော့မယ်ဆိုတဲ့ သတင်းကြောင့် ပရိသတ်တွေက အလွမ်းပြေ ကြည့်ရှုနိုင်ဖို့အတွက် ရင်ခုန်စွာနဲ့ စောင့်ဆိုင်းနေကြပါတယ်။

Ref; Soompi

Leave a Reply

Your email address will not be published. Required fields are marked *