MT News

Written by Nay Aung

ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့သည် မေလ ၂၄ရက် နံနက်ပိုင်းတွင် ထိုင်းနိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းသော မြန်မာနိုင်ငံသား ၄၉ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ကန်ချာနာဘူရီဒေသ၏စစ်တပ်အကြီးအကဲ ဗိုလ်ချုပ် Wutthaya Chantamas က ထုတ်ဖော်ပြောဆိုလိုက်သည်။

ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့များနှင့် ထိုင်းစစ်တပ်တို့သည် ထိုင်းနိုင်ငံအတွင်းသို့ မြန်မာနိုင်ငံသားများ တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းနေသော သတင်းကို လက်ခံရရှိခဲ့ပြီးနောက် ကန်ချာနာဘူရီဒေသ၊ Ban Tha Khanun သစ်တောနားကိုသွားရောက်စစ်ဆေးခဲ့ရာ ပုန်းနေသော မြန်မာနိုင်ငံသားများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ပြီး အလုပ်လုပ်ကိုင်ရန် လာရောက်သူများဖြစ်ကြောင်း ထိုင်းစစ်တပ်က ပြောသည်။ လုံခြုံရေးတပ်ဖွဲ့များ ရှာဖွေချိန်အတွင်း သစ်တောထဲပုန်းနေသော မြန်မာနိုင်ငံသားအမျိုးသား ၂၉ ဦး နှင့် အမျိုးသမီး ၂၀ဦးကိုဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းစစ်တပ်က ပြောသည်။

အဆိုပါ မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန်အတွက် တစ်ဦးကို ပွဲစားခအဖြစ် ဘတ်၂၀၀၀၀ နှင့် ၃၀၀၀၀ ကြားပေးခဲ့ရကြောင်း၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၊ ရန်ကုန်၊ ပဲခူးနှင့်မော်လမြိုင်မြို့တွင် နေထိုင်သူများဖြစ်ကြောင်း ကနဦးစုံစမ်းစစ်ဆေးချက်များအရ သိရသည်ဟု ထိုင်းစစ်တပ်က သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသားများသည် နောက်ထပ် သွားရောက်ရမည့်နေရာမသွားရောက်ခင် ပွဲစားဖြစ်သူကို စောင့်ဆိုင်းနေချိန်အတွင်း ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဝန်ခံထားသည်။ ထိုင်းစစ်တပ်နှင့်နယ်ခြားစောင့်တပ်ဖွဲ့သည် ဖမ်းဆီးရမိသူများကို အသေးစိတ်ထပ်မံစစ်ဆေးနိုင်ရန်အတွက် Thong Pha Phum ရဲစခန်းသို့ လွှဲပြောင်းပေးဖွယ်ရှိနေပြီး အသေးစိတ်စစ်ဆေးပြီးချိန်တွင် မြန်မာနိုင်ငံသို့ ပြန်ပို့ဖွယ်ရှိနေကြောင်း သိရသည်။

Ref—naewna

Leave a Reply

Your email address will not be published. Required fields are marked *