၂၄. ၅. ၂၀၂၃
Written By Thandar

ပရဟိတမိခင်ကြီးလို့ ပရိသတ်တွေ တင်စားခေါ်ဝေါ်ကြတဲ့ မင်းသမီး ခိုင်နှင်းဝေဟာ ပဲခူးတိုင်းဒေသကြီးရှိ ရွာတစ်ရွာက စွန့်ပစ်ခံ မွေးကင်းစရက်သားကလေးငယ်ကို သွားရောက်ခေါ်ယူမွေးစားခဲ့ပါတယ်။

မိခင်ဖြစ်တဲ့သူက ကလေးကို အသက်အန္တရာယ်ပြုခဲ့တာကြောင့် အနီးနားပတ်ဝန်းကျင်မှာရှိတဲ့ ရပ်ရွာအတူနေသူတစ်ဦးက ခေါ်ယူထားခဲ့တာလည်း ဖြစ်ပါတယ်။ ဒီမွေးစားထားတဲ့ မွေးကင်းစရက်သားကလေးငယ်လေးကို သရုပ်ဆောင် ခိုင်နှင်းဝေက မေ ၂၃ ရက်က ပဲခူးတိုင်းဒေသကြီးသို့ သွားရောက်ခေါ်ယူခဲ့တာပါ။

“အစ်မအနေနဲ့ ဒီသတင်းကြားရတာလည်း ကြောက်ခမန်းလိလိပါပဲ။ အစ်မတို့ ငယ်ငယ်တုန်းက ကြားဖူးတာက မိခင်တွေဟာ ကိုယ်ဝန်ဆောင်တယ်ဆိုရင် သင်္ချိုင်းကုန်းကို ခြေတစ်ဖက်လှမ်း အသက်ပေးပြီး ကိုယ်ဝန်ဆောင်ရတာပေါ့။ အခုခေတ်မှာက ကလေးတွေကို ဒီလိုမျိုးတွေ လုပ်တာတွေ မြင်ရ၊ ကြားရတော့ တော်တော် ကြောက်ဖို့ကောင်းတယ်။ ကလေးကို မလိုချင်ဘူးဆိုရင်လည်း အကာအကွယ်အတားအဆီးတွေနဲ့ လုပ်လို့ရတယ်။ အသက်တစ်ချောင်းရှိလာပြီဆိုရင် မွေးပြီးတော့မှ ဒါမျိုးမလုပ်ကြဖို့ဘဲ ပြောချင်ပါတယ်”လို့ သရုပ်ဆောင် ခိုင်နှင်းဝေက ပြောပါတယ်။

ဒီကလေးငယ်ကို ခေါ်ယူမွေးစားခဲ့တဲ့အပြင် အနိုင်ကျင့်ခံရတဲ့ မသန်စွမ်း အမျိုးသမီးငယ်လေးအတွက်လည်း အလှူငွေ ကျပ် ၁၀သိန်း နဲ့အတူ လိုအပ်တွေကို ကူညီပေးခဲ့တယ်လို သိရပါတယ်။

“ကလေးကို ခေါ်ပြီး မွေးစားထားတဲ့သူကလည်း ကလေးကို ဆက်မမွေးနိုင်တော့ဘူး။ ကိုယ်နဲ့ မဆိုင်ပေမယ့် ကလေးဆိုတဲ့ အသံကြားရင်ကို မနေနိုင်လို့ လာပြီးတော့ ကယ်တာပါ။ ကလေးက အသားလည်း ဝါနေတယ်။ နို့လည်း သိပ်မစို့ဘူး။ ဆေးရုံဆေးခန်းတောင် တင်ရဦးမှာပါ။ အစ်မကတော့ ကယ်တင်ရမယ့် ကံပါလာလို့ ကယ်တင်မှာပါ။ ကျန်တာက သူတို့ဘာသာရှင်းကြပေါ့” လို့ သူမက ဆက်ပြောပါတယ်။

သရုပ်ဆောင်ခိုင်နှင်းဝေဟာ လက်ရှိမှာ “ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ”ကို တည်ထောင်ထားသူဖြစ်ပြီး မိဘမဲ့ကလေးတွေနဲ့ စွန့်ပစ်ခံရတဲ့ ကလေးငယ်တွေကို ဂေဟာမှာ ပြုစုစောင့်ရှောက်ပေးလျက်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *