၂၄. ၅. ၂၀၂၃
Written by Peya

မြန်မာနှင့် ကမ္ဘောဒီးယား ချစ်ကြည်ရေးမြှင့်တင်ရန်အတွက် ခွန်ခမာ လက်ဝှေ့ပြိုင်ပွဲတစ်ပွဲ ယှဉ်ပြိုင်ရန် သဘောတူခဲ့ခြင်း ဖြစ်သည်ဟု အလွတ်တန်း ကမ္ဘာ့လက်ဝှေ့ ချန်ပီယံ Dave Leduc (ခေါ်) ဒေဝက ၎င်း၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် ရေးသားထားပြီး လာမည့် မေလ ၂၇ ရက်တွင် ခွန်ခမာ လက်ဝှေ့ကျော် Prom Samnang နှင့် ကမ္ဘောဒီးယားတွင် ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။

ဒေဝနှင့် ယှဉ်ပြိုင်ရမည့် ခွန်ခမာကစားသမား Prom Samnang သည်လည်း ကမ္ဘောဒီးယားတွင် ထင်ရှားသည့် နာမည်ကျော်ကစားသမားဖြစ်ကာ ပြီးခဲ့သည့်ဆီးဂိမ်းစ်တွင် နာမည်ကျော် မြန်မာ့ရိုးရာလက်ဝှေ့ကစား ထွန်းထွန်းမင်းကို ဖိုင်နယ်အဆင့်တွင် အနိုင်ယူခဲ့သူဖြစ်ပြီး အဆိုပါပြိုင်ပွဲတွင် ပေးခဲ့သည့် အမှတ်တချို့မှာ အငြင်းပွားဖွယ် ဖြစ်ခဲ့သည်။

“ကျွန်တော်နဲ့ Prom Samnang က တစ်ယောက်ကို တစ်ယောက် လေးစားပြီး မြန်မာနဲ့ ကမ္ဘောဒီးယား ချစ်ကြည်ရေး မြှင့်တင်ဖို Kun Khmer တစ်ပွဲ ယှဉ်ပြိုင်ဖို့ သဘောတူခဲ့ပါတယ်။ ဒီနှစ် ကမ္ဘောဒီးယားပွဲမှာထိုးမယ့်ပွဲက ကမ္ဘောဒီးယားနဲ့ အရှေ့တောင် အာရှနိုင်ငံတွေရဲ့သမိုင်းမှာ အကြီးကျယ်ဆုံး ပွဲဖြစ်လာပါလိမ့်မယ်။ ကျွန်တော့်မှာ Follower သန်းချီရှိပါတယ်။ မြန်မာနိုင်ငံမှာ လူ ၅၄ သန်းရှိပြီး ကမ္ဘောဒီးယားမှာ လူ ၁၆ သန်းရှိပါတယ်။ ကျွန်တော်တို့ကို အားပေးတဲ့လူ သန်း ၇၀ ကျော်ရှိနေပါတယ်” ဟု ဒေဝက ဆိုထားသည်။

ဒေဝသည် ကနေဒါနိုင်ငံသား ဖြစ်ပြီး ၎င်း၏ အမည် Dave Leduc မှ ဒေဝ ဟု လက်ဝှေ့လောကတွင် အမည်ပြောင်းလဲ ခံယူထားခြင်း ဖြစ်သည်။

“မြန်မာနဲ့ ကမ္ဘောဒီးယားက အမြဲကောင်းမွန်တဲ့ ဆက်ဆံရေးရှိပါတယ်။ ကျွန်တော့်အနေနဲ့ နှစ်နိုင်ငံကြား ဆက်ဆံရေးကို ကြိုးဝိုင်းထဲမှာ ကျွန်တော်တို့ တွေ့တဲ့အခါ ဆက်လက် လေးစားမှုရှိသွားမှာပါ” ဟု ကမ္ဘောဒီးယားပွဲစဉ်နှင့် ပတ်သက်၍ ဒေဝက ၎င်း၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် ရေးသားခဲ့ဖူးသည်။

Leave a Reply

Your email address will not be published. Required fields are marked *