၂၀၂၃ -၂၀၂၄ ပညာသင်နှစ်အတွက် ပထမဆုံး ကျောင်းအပ်လက်ခံသည့်ရက်တွင် ဗိုလ်တထောင်မြို့နယ်အတွင်းရှိ ကျောင်းများတွင် ကျောင်းအပ်လက်ခံနေမှုကို တွေ့ရစဥ်

၂၄. ၅. ၂၀၂၃
Written by Nyein Kyaw

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်၏ ပထမဦးဆုံးရက်တွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၌ ကျောင်းအပ်နှံသူစုစုပေါင်း ၁ ဒသမ ၃ သန်းကျော်ရှိကြောင်း မေလ ၂၄ ရက်တွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများကို ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံမှုသီတင်းပတ်အဖြစ် မေလ ၂၃ ရက်မှ မေလ ၃၁ ရက်အထိ သတ်မှတ်၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံမှုလက်ခံခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်းအသီးသီး၌ ကျောင်းအပ်လက်ခံခြင်းများကို မေလ ၂၃ ရက်တွင် စတင်ဆောင်ရွက်လျက်ရှိသည်။

ကျောင်းအပ်နှံရေးသီတင်းပတ်၏ ပထမဆုံးရက်ဖြစ်သည့် မေလ ၂၃ ရက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများ၌ ကျောင်းအပ်နှံသူ ၁,၃၄၃,၀၃၇ ဦး (၁ ဒသမ ၃ သန်းကျော်) ရှိကြောင်း ထုတ်ပြန်ထားသည်။

အခြေခံပညာ ကျောင်းများအလိုက် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံများနှင့် ဆရာ၊ ဆရာမများက ကျောင်းလာရောက်အပ်နှံသူ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရေး ဆောင်ရွက်ပေးကြပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးအပ်သည့် စာရေးကိရိယာများနှင့် ကျောင်းသုံးစာအုပ်များကိုလည်း တစ်ပါတည်း ထောက်ပံ့ပေးအပ်ကြခြင်းဖြစ်သည်။

ကျောင်းများ၏ လုံခြုံရေးနှင့် ကျောင်းအပ်နှံမှု လက်ခံဆောင်ရွက်သည့် ဆရာ၊ ဆရာမများ၊ လာရောက်ကျောင်း အပ်နှံကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ၏ လုံခြုံရေးအတွက် သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများနှင့် တာဝန်သိပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *