၄.၅.၂၀၂၄
Written by ZUN

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာအနီးတွင် မိုးကြိုးထိမှန်၍ နွား (၂၄) ကောင်သေဆုံးသွားခဲ့ကြောင်း ဆားမှော်ရွာခံများက ပြောသည်။

မေလ (၂) ရက် နံနက်ပိုင်းက ဆားမှော်ကျေးရွာတောင်ခြေရှိ ချောင်းအနီးတွင် နွားများကို လွှတ်ကျောင်းနေစဉ် လျှပ်စီးလက်ခြင်း၊ မိုးရွာခြင်းများ ဖြစ်ပေါ်နေချိန် မိုးကြိုးထိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါနွားများမှာ ဆားမှော်ကျေးရွာမှ ဒေသခံတစ်ဦးပိုင်သည့်နွားများဖြစ်ကြောင်း၊ နွားများကို လွှတ်ကျောင်းနေစဉ် အနီးတွင် သစ်ပင်ကြီးလည်း ရှိနေသောကြောင့် သစ်ပင်ကို မိုးကြိုးထိရာမှတစ်ဆင့် နွားများကို ထိမှန်ခြင်း ဖြစ်နိုင်ကြောင်းလည်း ပြောဆိုနေကြကြောင်း သိရသည်။

“ကျွန်တော်တို့ဒေသမှာ မေလ တစ်ရက်နေ့ကလည်း မိုးရွာတယ်။ မေလ ၂ ရက်နေ့လည်း ရွာတာပဲ။ မိုးရွာတယ်ဆိုတာနဲ့ မိုးကြိုးတွေ ပစ်တယ်။ မိုးခြိမ်းတယ်။ လျှပ်စီးလက်တယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ဒေသမှာက နွားတွေကိုပုံမှန် ကျောင်းကြတာပါပဲ။ အဲဒီနေ့က မိုးကြိုးတွေ တော်တော်ကို ကြောက်ကြောက်လန့်လန့်ဖြစ်အောင် ပစ်တယ်။ အခု မိုးကြိုးထိလို့ သေတဲ့နွားတွေက တောင်ခြေမှာပဲရှိတာ။ ကြည့်ရတာ မိုးကြိုးအဝန်းအဝိုင်းထဲ ပါသွားတာ ဖြစ်မယ်ထင်ပါတယ်။ တချို့ကလည်း နားစည်ကွဲတယ်လို့ ပြောနေကြတာပဲ”ဟု ဆားမှော်ရွာသားတစ်ဦးက MT News ကို ပြောသည်။

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်းရှိ ဆားမှော်၊ အင်းပေါင်း စသည့် ကျေးရွာများတွင် မိုးရွာသည့်အခါ မိုးကြိုးပစ်သည့်အတွက် မိုးကြိုးနှင့် မလွတ်ကင်းသည့် အဝန်းအဝိုင်းများရှိ တိရိစ္ဆာန်များ မိုးကြိုးထိမှန် သေဆုံးမှု နှစ်စဉ်ရှိနေကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *